Sales Hotline : 09448001653       Download App



ကလေးငယ်များ၏ ပညာရေးနှင့် အော်တစ်ဇင်ရောဂါအကြောင်းသိကောင်းစရာ

 

အော်တစ်ဇင်ရောဂါဆိုတာ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှု မူမမှန်ခြင်းကြောင့် ဖြစ်ရတာဖြစ်ပြီး ကလေးဘဝ စတင်ဖွံ့ဖြိုးချိန်မှာကတည်းက လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ တစ်နည်းအားဖြင့် ဉာဏ်ရည်မဖွံ့ဖြိုးမှုရောဂါတစ်မျိုးပါ။ ဒီရောဂါဖြစ်ပေါ်ခြင်းရဲ့ အကြောင်းအရင်းက ဘာကြောင့်ဆိုတာကို တိတိကျကျ အဖြေရှာတွေ့ခြင်းမရှိသေးပါဘူး။

 

အော်တစ်ဇင် (မှတ်ဉာဏ်မဖွံ့ဖြိုးမှု)ရောဂါဟာ အများအားဖြင့် ယောင်္ကျားလေးတွေမှာ ပိုအဖြစ်များတာကို တွေ့ရှိရပါတယ်။ ဒီရောဂါကို ခံစားရသူတွေရဲ့ ရောဂါလက္ခဏာတွေဟာလည်း အလွန်ပင် ကျယ်ပြန့်ပြီး ကွဲပြားမှု ရှိပါတယ်။

 

ဒီရောဂါခံစားနေရသူလေးတွေကို သာမာန်ပြင်ပြပုံပန်းသဏ္ဍာန်နဲ့ လုံးလုံးလျားလျား ခွဲခြားသတ်မှတ်လို့မရပါဘူး။ သူတို့လေးတွေရဲ့ ရောဂါလက္ခဏာကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်လို့ရပါတယ်_

 

  • တစ်ဦးတည်းသီးသန့်နေတတ်ပြီးအခြားကလေးတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာအခက်အခဲရှိခြင်း

  • အခြားသူတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ အခက်အခဲရှိခြင်း

  • အကြောင်းအရာတစ်ခုတွေ့ပြီဆိုလျှင် ထပ်တလဲလဲ ပြုလုပ်တတ်ခြင်း

  • အရာဝတ္ထု၊ ပစ္စည်း၊ လူစသည်တို့ကို အစွဲအလမ်းကြီးခြင်း

  • စကားပြောရမယ့် အရွယ်မှာ တခြားကလေးများထက် နောက်ကျလွန်ပြီး အခက်အခဲရှိခြင်း

  • အာရုံကြောချွတ်ယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားပြုလုပ်ရာမှာ တက်ကြွမှုမရှိခြင်း၊ လေးလံနှေးကွေးခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရှိရတတ်ပါတယ်။

Advertisement 

Click Here > Winner Plastic Manufacturing

ဒီလိုရောဂါဝေဒနာမျိုးကိုခံစားရသူတွေအတွက်ဝေဒနာခွဲခြားမှုအတိုင်းအတာအဆင့်သတ်မှတ်ချက်တွေ ရှိပါတယ်။ယေဘုယျအားဖြင့်တော့ဝေဒနာအပြင်းအပျော့ယဥ်ယဥ်လေးကနေပိုပြီးပြင်းထန်တဲ့အဆင့်ဆိုပြီး ခွဲခြားသတ်မှတ်ကြပါတယ်။

 

ဒီရောဂါဝေဒနာကို ယဥ်ယဥ်လေးခံစားနေရတဲ့သူတွေကတော့ ပုံမှန်အားဖြင့် သူတို့ဟာ လူမှုပတ်ဝန်းကျင်မှာ သူများနဲ့မတူပဲ ထူးခြားပြီး တုံ့ပြန်မှုကလည်း ကွဲပြားနေတတ်ပါတယ်။ ထူးခြားတာတစ်ခုက သူတို့အများစုဟာ သာမာန်လူတွေထက်ကိုပိုပြီး ဉာဏ်ကောင်းပြီး ထက်မြက်တော်လွန်ကြတာပါ။ 

 

ပြင်းထန်တဲ့ အဆင့်ကိုရောက်ရှိနေတဲ့ ဝေဒနာရှင်များကတော့ ၄င်းရဲ့ လူမှုပတ်ဝန်းကျင်က လူတွေနဲ့ လုံးဝကို ပြောဆိုဆက်သွယ်ခြင်းမရှိပဲ လူတွေကို သတိမပြုခြင်း၊ သေချာကွဲကွဲပြားပြားမသိခြင်း စတဲ့လက္ခဏာကို အများဆုံး တွေ့ရတတ်ပါတယ်။ အော်တစ်ဇင်ဝေဒနာရှင် အများစုများ အစွန်းနှစ်ဖက်ရောက်နေသူ မရှိသလောက် ရှားပါတယ်။ အများစုမှာ အလယ်အလတ် အခြေအနေမှာ ရှိကြတာ များပါတယ်။

 

အော်တစ်ဇင်ရောဂါဝေဒနာကို ခံစားနေရတဲ့ ကလေးငယ်တွေကို အကယ်၍ မိဘများက ကျောင်းထားချိန်မှာ သာမာန်ကလေးတွေနည်းတူ ပုံမှန်ကျောင်းကိုပဲ ပို့မယ်ဆိုရင်တော့ မိမိရဲ့ ကလေးအနေနဲ့ အောက်ဖော်ပြပါ အခက်အခဲတွေကို ကျောင်းမှာ ကြုံတွေ့ခံစားရနိုင်ပါတယ်။

 

  • စကားပြောထစ်ပြီးအကြောင်းအရာတစ်ခုကိုထပ်တလဲလဲပြောခြင်း၊ အကြောင်းအရာဆီလျော်မှု မရှိခြင်းကြောင့် စာသင်ယူတဲ့နေရာမှာ ခက်ခဲခြင်း

  • ရှေ့ကသင်ကြားသည်များကို တုံ့ပြန်မှုအားနည်းခြင်း၊ နားမလည်ခြင်း၊ သဘောမပေါက်ခြင်း

  • ဆရာ/ဆရာမသင်ကြားပေးသည့်လမ်းညွှန်ချက်တွေကိုအဆင့်ဆင့်လိုက်လံမလုပ်ဆောင်နိုင်ခြင်း

  • အကြောင်းပြချက်မရှိ မကြာခဏ ရယ်မောခြင်း၊ ရှိုက်ကြီးတငင်ငိုကြွေးခြင်း

  • မိမိလုပ်ဆောင်လိုတဲ့ အရာတွေကို ဆရာ/ဆရာမတွေကို နားလည်အောင် မပြောပြ/မရှင်းပြ တတ်ခြင်း

  • ဆရာ/ဆရာမနဲ့ Eye Contact မရှိခြင်း/ရှိအောင်မလုပ်နိုင်ခြင်း/ Body Movement တွေ လိုက်လံ မလုပ်ဆောင်နိုင်ခြင်း

  • တစ်ခြားကလေးများနဲ့ ရောထွေးဆော့ကစားခြင်း မပြုလုပ်နိုင်ပဲ ဆူဆူညံညံ၊ ရှုပ်ရှုပ်ထွေးထွေးတွေနဲ့ ကြုံရင် စိတ်ထိခိုက်လွယ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်း

  • ကစားစရာ၊ ပစ္စည်းအစွဲရှိခြင်းတို့ကြောင့် ကျောင်းရှိအခြားကလေးများနဲ့ မကြာခဏ ကစားစရာလုခြင်းကြောင့် ငြင်းခုန်မှုဖြစ်ခြင်း

  • အကြောင်းအရာတစ်ခုတည်းကိုပဲ စူးစူးစိုက်စိုက်စိတ်ဝင်စားနေခြင်း (ဥပမာ - ဒိုင်နိုဆောအကြောင်း၊ ကားတွေအကြောင်း၊ ပုံပြင်စာအုပ်ဖတ်ခြင်း)

 

ဒီလိုအခက်အခဲမျိုးတွေရှိလာပြီဆိုရင်တော့ မိဘတွေအနေနဲ့ အခုလို ဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် သီးသန့်ဖွင့်လှစ်ပေးထားတဲ့ Schools for Special Needs Children ကျောင်းတွေကို စုံစမ်းအပ်နှံ သင့်ပါတယ်။ ဒီရောဂါက ရှက်စရာလည်းမဟုတ်ပါဘူး။ ခွဲခြားဆက်ဆံခံရမယ့် ဝေဒနာမျိုးလည်း မဟုတ်တဲ့အတွက်ကြောင့် သင့်ကလေးရဲ့ ဝေဒနာတွေ အရင်လျော့ပါးသက်သာသွားဖို့က အရေးကြီးပါတယ်။ 

 

ဒီလိုကလေးတွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ကျောင်းတွေကသာ တာဝန်ယူသင်ကြားတဲ့ ဆရာ/ဆရာမက အစ ကျောင်းမှာ သင်ကြားပုံ/နည်းလမ်းတွေအဆုံး သင့်ကလေးအတွက် ပိုမိုအဆင်ပြေစေပြီး ရောဂါလက္ခဏာ တွေလည်း အမြန်ဆုံးလျော့ပါးသက်သာစေမှာပါ။ လိုအပ်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ စစ်ဆေး မှုတွေကိုလည်း ခံယူပါ။ 

 

ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုအတိုင်း လိုအပ်တဲ့လေ့ကျင့်ပြုစုမှုတွေကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး ဆောင်ရွက်မယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို လျော့ချနိုင်ပြီး အားလုံးနဲ့ အတူတူ လူမှုပတ်ဝန်းကျင် မှာ အဆင်ပြေပြေရှင်သန်နိုင်ကြမှာပဲ ဖြစ်ပါတယ်။

 

သင်တို့အနေနဲ့လည်း ဒီလိုကလေးမျိုးတွေကို သင့်ပတ်ဝန်းကျင်မှာ တွေ့ပြီဆိုရင် လုံးဝ လုံးဝ ပစ်ပယ်တာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး မလုပ်ရပါဘူး။ ဒီကလေးလေးတွေကို သာမာန်လူတွေလိုပဲ သတ်မှတ်ပြီး ဖေးမကူညီ လက်တွဲခေါ်ယူ ရပါမယ်။ ကြင်နာသနားရပါမယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းမှာ ဒီလို ကလေးမျိုးတွေကို မသိမသာ သိသိသာသာ ပစ်ပယ်ထားကြတာမျိုး တွေ့ရတတ်ပါတယ်။

 

ကိုယ်ချင်းစာတရားထားပြီး ဖေးဖေးမမနဲ့ နွေးထွေးစွာကူညီတတ်တဲ့ ပတ်ဝန်းကျင်၊ အကောင်းဆုံး ပံ့ပိုးမှု တွေကိုပေးမယ့် မိဘ၊ နည်းမှန်လမ်းမှန်တွေကို လမ်းညွှန်ပြသပေးမယ့် အသိပညာရှင်၊ အတတ်ပညာရှင် တွေအတူတူ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် အော်တစ်ဇင်ဝေဒနာရှင် ကလေးလေးများရဲ့ အနာဂတ် ဟာလည်း အများနည်းတူ နေထိုင်ပြုမူနိုင်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ရရှိလာကြမှာ အသေအချာပဲဖြစ်ပါတယ်။ 

 

Kindergarten Pre-school Knowledge Latest Post Read 1241 times