Sales Hotline : 09448001653       Download App



လုပ်ငန်းအတွေ့အကြုံမရှိပဲ အလုပ်ရနိုင်မယ့် အချက် (၁၁) ချက်

 

 

ခေါင်းစဥ်ကို ရုတ်တရက်ကြည့်လိုက်ရင်တော့ ကြောင်တောင်တောင်နိုင်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ အခုခေတ် လုပ်ငန်းအများစုရဲ့ အလုပ်ခေါ်စာတွေမှာ working experience လို့ခေါ်တဲ့ လုပ်ငန်းအတွေ့အကြုံမှ မပါရင် လျှောက်လို့မရတဲ့ အခြေအနေမျိုးတွေ အများကြီးတွေ့ရှိရပါတယ်။

 

အတွေ့အကြုံမလိုတဲ့ အလုပ်တွေလည်း ရံဖန်ရံခါတွေ့နိုင်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ်က ကျောင်းပြီးခါစ ဒါမှမဟုတ် ကျောင်းတတ်တုန်း၊ လတ်တလောအခြေအနေမှာ ကျောင်းနားထားတာမျိုး ဒီလိုအခြေအနေမျိုးတွေမှာ အလုပ်ဝင်ချင်တယ် အတွေ့အကြုံကလည်း မရှိဘူး။ ဒါဆိုရင်တော့ ကိုယ်လျှောက်ချင်တဲ့ Position မျိုးကို ရရှိနိုင်ဖို့အတွက် ကိုယ့်ဘက်က ဘာတွေလုပ်မလဲ၊ ဘယ်လိုပြင်ဆင်မလဲ ဒါကို ဖော်ပြပေးသွားမှာပါ။ ကြည့်လိုက်ကြရအောင်_

 

  1. ပညာရည်ဖြည့်တင်းပါ

 

အရေးအကြီးဆုံးအချက်ပါပဲ၊အလုပ်ရှာနေစဥ်ကာလအတွင်းပဲဖြစ်ဖြစ်၊နားနေစဥ်ကာလအတွင်းပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ career အလိုက် သင်တန်းတွေတတ်ပါ၊ ပညာရေးပွဲတွေတတ်၊ အောင်လက်မှတ်နဲ့ ဒီပလိုမာတွေယူပါ၊ လိုအပ်ရင် ပြင်ပဘွဲ့တစ်ခုခုပါ ရအောင်ကြိုးစားပါ။ 

ဒါက သင်ဝင်ရမယ့် အလုပ်ခွင်အတွက် ဗဟုသုတရစေရုံသာမက ဒီအလုပ်အတွက် ဘယ်လောက်ကြိုးစားထားတယ်ဆိုတာကိုပါ ပြသရာ ရောက်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပညာရေးအသိုင်းအဝိုင်းက သင်တန်းဆရာ/ဆရာမများနဲ့လည်း Network တစ်ခုဖန်တီးယူထားတာက သင့်အလုပ်အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။

 

  1. လမ်းစဖောက်ပါ

 

သင်ရွေးချယ်ထားတဲ့ လမ်းကြောင်းမှာ အတွေ့အကြုံရရှိဖို့ နည်းလမ်းများထဲကမှ တစ်ခုမှာ အလုပ်စမ်းလုပ်ကြည့်ပါ၊ ငယ်ရွယ်တဲ့အချိန်မှာ ပိုက်ဆံမရလည်း အတွေ့အကြုံကိုရအောင်ယူပါ။ ကြားရတာကတော့ ဝင်ငွေမရတဲ့အတွက် စိတ်အားထက်သန်မှာ မဟုတ်ပါဘူး။ 

ဒါပေမဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ အချိန်ပိုင်းပဲဖြစ်ဖြစ်၊ အချိန်ပြည့်ပဲဖြစ်ဖြစ် အလုပ်သင်၊ စေတနာ့ဝန်ထမ်း၊ အလွတ်တန်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ အလုပ်ဝင်လုပ်ကြည့်ခြင်းက သင့်ရဲ့  နောက်ပိုင်း အလုပ်အကိုင်ဆိုတဲ့ လောကြကြီးအတွက် တံခါးမကြီးကို လွယ်လွယ်ကူကူ ဖွင့်နိုင်ဖို့ သော့တစ်ချောင်းရလိုက်သလို ဖြစ်စေမှာ အမှန်ပါပဲ။


 

  1. ကွန်ယက်နဲ့ချိတ်ဆက်ပါ

 

အလုပ်တစ်ခုရဖို့အတွက် အဆင်အပြေဆုံးနည်းလမ်းမှာ ကိုယ့်ရဲ့ အသိ၊မိတ်ဆွေ၊သူငယ်ချင်းများမှ ကိုယ့်ကို အလုပ်အတွက် recommendation ကောင်းကောင်းပေးခြင်းပါပဲ။ ဒီလိုရဖို့အတွက်လည်း သင့်အနေနဲ့ အွန်လိုင်းပေါ်မှာရော၊ အပြင်မှာပါ Network ကောင်းကောင်းတစ်ခု တည်ဆောက်နိုင်ရန် အရေးကြီးပါတယ်။ 

သင့်အနေနဲ့လည်း ဘယ်အလုပ်အကိုင်လမ်းကြောင်းကိုတော့ လျှောက်မယ်ဆိုတာ အသိပေးထားပါ။ LinkedIn Profile ကိုလည်း အမိုက်စားပြင်ထားပါ။ ကိုယ့် career အတွက် အထောက်အကူဖြစ်စေမယ့် အသိမိတ်ဆွေသူငယ်ချင်းတွေကိုလည်း အဆက်အသွယ်အမြဲ မပြတ်ပါစေနဲ့။

 

  1. လက်တွေ့ကျကျ သုံးသပ်ပါ

 

ဘောပင် နှင့် စာရွက်ကို ယူလိုက်ပါ။ Venn Diagram တစ်ခုဆွဲကြည့်ပါ။ သင့်ရဲ့အနာဂတ်အလုပ်အတွက် သင့်မှာ လိုအပ်နေတဲ့ အတွေ့အကြုံ၊  ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ ကျွမ်းကျင်မှုတွေအားလုံးကို ချရေးပါ။ 

ပြီးရင်တော့ လက်ရှိသင့်မှာ ရှိပြီးသားဖြစ်တဲ့ ပင်ကိုယ်အရည်အချင်း နဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းထည့်ပြီး စက်ဝိုင်းနှစ်ခု ထပ်နေတဲ့နေရာကို ကြည့်လိုက်ပါ။ သင့်အတွက် ဘာတွေလိုအပ်တယ်၊ ဘာတွေလုပ်ရမယ်ဆိုတာ ထင်ထင်ရှားရှား ပေါ်လာပါလိမ့်မယ်။ဒါကိုကြည့်ပြီးတော့ သင့်ရဲ့ CV နဲ့ Cover Letter ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲကြံဆပါ။

 

  1. သင့်နယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်ပါစေ

 

သင်ရွေးချယ်မယ့် လုပ်ငန်းနယ်ပယ် နှင့် အလုပ်အကြောင်း သိသင့်သင့်ထိုက်တဲ့ အရာအားလုံးကို စေ့စေ့စပ်စပ် လေ့လာပါ။ ရှာဖွေပါ။ ဒါက သင့်ရဲ့ အလုပ်အင်တာဗျူးမှာ အထောက်အကူအများကြီး ရစေပါလိမ့်မယ်။ သင့်ရဲ့ အလုပ်အကိုင်နယ်ပယ်တွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာစေရန် သက်ဆိုင်ရာ ဆွေးနွေးပွဲတွေကို ပါဝင်ပါ။ 

ဘလော့ဂ်တွေကို ဖတ်ရှုပါ။ လေ့လာပါ။ အွန်လိုင်းနှင့် ပြင်ပ အဖွဲ့များတွင် ပါဝင်ပါ။ သက်ဆိုင်ရာစီးပွားရေး နယ်ပယ်က နိုင်ငံတကာ၊ ပြည်တွင်း၊ ပြည်ပမှ နာမည်ကြီးစီးပွားရေး လုပ်ငန်းများရဲ့လုပ်ငန်းရှင်များကို လေ့လာပါ။အတုယူပါ။

 

  1. လူတွေရဲ့ အကြံဉာဏ်ကိုရယူပါ

 

လူအများစုက သူများကိုအကြံဉာဏ်ပေးရတာ ကြိုက်နှစ်သက်ကြပြီး နယ်ပယ်တစ်ခုမှာ သူတို့ကို ကျွမ်းကျင်သူ ပညာရှင်တွေအဖြစ် သတ်မှတ်ပေး၊ မြင်ပေးကြတာကို ကြိုက်နှစ်သက်ကြပါတယ်။ သင့်ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ အားကျအတုယူရတဲ့ လူတွေအကြောင်းကို လေ့လာပါ။ 

အခွင့်အရေးရရင် အဲဒီလူတွေနဲ့ အဆက်အသွယ်ရအောင် ကြိုးစားကြည့်ပါ။ စကားပြောခွင့်ရအောင် ကြိုးစားကြည့်ပါ။ ဒီလူတွေက သင့်အတွက် အရေးပါတယ်၊ တန်ဖိုးထားရတယ်ဆိုတာ သူတို့စိတ်ထဲမှာ ခံစားလာရအောင် ကြိုးစားကြည့်ပြီး သင့်အလုပ်အကိုင်အတွက် အကြံဉာဏ်အသစ်တွေကို ရယူပါ။ 

 

  1. ပြောပြစရာဇာတ်လမ်းကောင်းတစ်ပုဒ်ဖန်တီးပါ

 

သင့်ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သင်ဟာပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ကြောင်းကို လုံးဝလုံးဝ သံသယမဝင်စေနိုင်မယ့် ဆွဲဆောင်မှုရှိရှိ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖန်တီးပါ။ အင်တာဗျူးမှာဖြစ်စေ သင့်ကို မေးခွန်းတွေအများကြီးမေးကြပါလိမ့်မယ်။ 

ဘာကြောင့် ဒီနယ်ပယ်ကိုဝင်ချင်တာလဲ၊ ဒီပန်းတိုင်ရောက်ဖို့ ဘာတွေလုပ်မှာလဲ၊ သင့်ဘက်ကဘာတွေပြင်ဆင်ထားလဲ စတဲ့မေးခွန်းတွေအတွက် တိုတိုတုတ်တုတ်နဲ့ ရှင်းလင်းတိကျတဲ့ အဖြေကို ပြင်ဆင်ထားပါ။ သင့်ရဲ့အဖြေမှာ စိတ်အားထက်သန်မှု၊ သင့်ရဲ့ အရေးကြီးတဲ့ အရည်အချင်း နဲ့ ပညာရေးအတွေ့အကြုံတွေအားလုံးကို ဦးစားပေးထည့်ပြောရန် လိုအပ်ပါတယ်။

 

  1. CV ကို အမြဲ Update လုပ်ပါ

 

အလုပ်လျှောက်တဲ့နေရာမှာ သင့်အတွက် First Impression က သင့် CV ပါပဲ။ သင့်အတွက် ပညာအရည်အချင်း၊ အတွေ့အကြုံ ပြောင်းလဲမှုတွေ ရှိသလောက် သင့် CV ပေါ်မှာလည်း အမြဲ Update ဖြစ်နေပါစေ။ CV update လုပ်ဖို့လည်း မပျင်းပါနဲ့။ အချိန်ပေးပါ။ 


 

  1. Soft Skills တွေအပေါ်မှာ အာရုံစိုက်ပါ

 

အောင်မြင်ချင်တဲ့ လူတစ်ယောက်မှာ ရှိသင့်တဲ့ Soft Skills တွေဖြစ်တဲ့ Interpersonal Skill, Organizational Skill, Leadership Skill, Communication Skill စသည်တို့ကို တိုးတက်လာအောင်၊ ကျွမ်းကျင်လာအောင် ကြိုးစားပါ။ အာရုံစိုက်ပါ။ 

လူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ဖို့၊ ကြီးကြပ်ဖို့၊ ပြောဆိုဆက်ဆံဖို့အတွက် ဒီအရည်အချင်းတွေက မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ရဲ့ CV မှာ အထင်ကြီးစေလောက်မယ့် Soft Skills တွေထည့်ရေးနိုင်အောင် ကြိုးစားပါ။

 

  1. ရည်မှန်းချက်မြင့်မြင့်ထားပါ

 

မြန်မာစကားပုံရှိပါတယ်။ ရင်လောက်မှန်းမှဒူးလောက်ကျတယ်ဆိုသလိုပဲ သင့်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်လာရင် ဖြစ်ဖြစ် မဖြစ်ဖြစ် ရည်မှန်းချက်ကြီးကြီးထားပါ။ အလုပ်လျှောက်တဲ့ အခါမှာလည်း ယုံကြည်ချက်ထားပါ။ သင်လုပ်နိုင်ကြောင်းကို ပြသပါ။ 


သင်က အခုမှအလုပ်စလုပ်ဖူးသူ ဖြစ်သော်ငြားလည်း သင်ယူလိုစိတ်ရှိကြောင်း၊ အလုပ်အပေါ်မှာ ရည်မှန်းချက်ကြီးကြီးရှိကြောင်း၊ အခွင့်အရေးပေးရင် ကြိုးစားလိုစိတ်ရှိကြောင်းကို စိတ်အားထက်သန်မှုနှင့်အတူ ပြသတတ်ပါစေ။

 

  1. စိတ်ရှည်ပါ၊သည်းခံပါ

 

အရေးအကြီးဆုံးအချက်ပါပဲ။ သင့်မှာဘာမှမရှိသေးရင် ပညာရပ်တစ်ခု၊ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်သူတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် အရေးအကြီးဆုံးအချက်ကတော့ စိတ်ရှည်သည်းခံပြီး အောက်ခြေကနေ အဆင့်ဆင့် တတ်လှမ်းပါ။

ခြေလှမ်းတစ်ခုစတင်ပြီဆိုတာနဲ့ ခရီးရောက်ဖို့ အချိန်ယူရပါမယ်။ လမ်းတစ်ဝက်မှာ စိတ်ပျက်အားငယ်မှုတွေနဲ့အတူ ပင်ပန်းနွမ်းနယ်မှုတွေကလည်း သင့်ကို စောင့်ကြိုနေမှာ အသေအချာပါပဲ။ လက်မလျော့လိုက်ပါနဲ့ အဆုံးမှာရရှိလာမယ့် ပျော်ရွှင်မှု နဲ့ အောင်မြင်မှုက သင့်အတွက် ဘာနဲ့မှ မလဲနိုင်အောင် ချိုမြိန်နေမှာပါ။ 

 

Latest Post Knowledge Read 817 times