အသက်မွေးဝမ်းကျောင်းပညာရပ်များနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရေးကို ရည်ရွယ်၍ Grade-9 အောင်မြင်ပြီးသူများအတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၈၉) ကျောင်းအထိ ဖွင့်လှစ်ထားရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ Grade-10 တွင် ကျောင်းသား၊ ကျောင်းသူ (၅,၀၀၀) ကျော်၊ Grade-11 တွင် ကျောင်းသား၊ ကျောင်းသူ (၅,၀၀၀) ကျော်နှင့် Grade-12 တွင် ကျောင်းသား၊ ကျောင်းသူ (၃,၀၀၀) ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
Grade-9 ပြီးမြောက်ပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာဘာသာရပ်များအပြင် သက်မွေးပညာများဖြစ်သည့် စက်မှုနည်းပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးနည်းပညာများကို သင်ယူလေ့လာခွင့် ရရှိနိုင်မည်ဖြစ်သည်။
အခြေခံဘာသာရပ်များကို အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများ၊ နည်းပညာဘာသာရပ်များကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များကို စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနများမှ ဆရာ/ဆရာမများက အားဖြည့် သင်ကြားပေးလျက်ရှိသည်။
Grade-10 နှင့် Grade-11 အတန်းများတွင် အခြေခံပညာဘာသာရပ်များအား ရာနှုန်းပြည့်သင်ကြားပေးလျက်ရှိကြောင်းနှင့် Grade -12 တွင် မြန်မာစာ (၃၀) ရာခိုင်နှုန်း၊ အင်္ဂလိပ်စာ (၁၀၀) ရာခိုင်နှုန်း၊ သင်္ချာ (၁၀၀) ရာခိုင်နှုန်း၊ ရူပဗေဒ (၆၀) ရာခိုင်နှုန်း၊ ဓာတုဗေဒ (၄၀) ရာခိုင်နှုန်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများနည်းတူ အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (၂) ကြိမ်၊ ပထမနှစ်ဝက်ပြီးဆုံးပါက (၁) ကြိမ်၊ နောက်ဆုံးနှစ်ဝက်ပြီးဆုံးပါက (၁) ကြိမ် စုစုပေါင်း (၄) ကြိမ် စစ်ဆေးခြင်းပုံစံဖြင့် ဆောင်ရွက်သည်။
အဆိုပါကျောင်းများတွင် အထက်တန်းပညာနှင့် တွဲဖက်၍ အဆောက်အဦးနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ စိုက်ပျိုးရေးသင်တန်းနှင့် မွေးမြူရေးသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်ကြားရေး ပြီးဆုံးအောင်မြင်ပါက အခြေခံပညာအထက်တန်း အောင်လက်မှတ်ကို ရရှိမည့်အပြင် သက်ဆိုင်ရာ ပညာရပ်နှင့်ဆိုင်သော ကောလိပ်နှင့် တက္ကသိုလ်များကိုပါ ဆက်လက် တက်ရောက်ခွင့် ရှိပါသည်။
Source - Myanmar National Portal