Sales Hotline : 09448001653       Download App



ကလေးကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်သော ပျိုးထောင်မှုနည်းလမ်း (၈) ချက်

 

ကလေးတစ်ဦးကို မိခင်ဝမ်းမှထွက်ပြီး လူလားမြောက်တဲ့ အရွယ်အထိ ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်တာ လုံးဝအသေအချာပါပဲ။ ကလေးတွေရဲ့ အမူအကျင့်၊ စည်းကမ်းလိုက်နာမှု၊ တွေးတောဆင်ခြင်ကြံဆနိုင်စွမ်း စတဲ့ အရာအားလုံးဟာ ပင်မ ပဲ့ကိုင်ရှင် ဖြစ်တဲ့ မိဘတွေအပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးရယ်လို့ ရှိလာပြီဆို ကိုယ့်ကလေးကို သင်ကြားပြသမှု၊ ဆုံးမသွန်သင်နိုင်မှုမှန်ကန်ဖို့ရာအထူးဂရုစိုက်ဖို့လိုအပ်လာပါပြီ။အခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ မိမိရဲ့ သားသမီးကိုချစ်ရာမရောက်ပဲ နှစ်ရာရောက်သွားနိုင်တဲ့ ဂရုစိုက်ပြီး ရှောင်ရှားရမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။ မိဘတိုင်းအနေနဲ့ သတိမမူမိပဲ ဂရုစိုက်လွန်ပြီး လုပ်လိုက်မိနိုင်တဲ့ အချက်ကလေးတွေဖြစ်တာကြောင့် မှတ်သားထားသင့်ပါတယ်နော်။ 

 

  1. စံနမူနာကောင်းမဖြစ်ခြင်း

 

ကလေးတွေက ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို ဘယ်အရာတွေက လက်ခံနိုင်တယ်၊ ဘယ်အရာတွေက လက်ခံနိုင်စရာမရှိဘူး၊ ဘယ်အရာက မှားတယ်၊ မှန်တယ် စတဲ့ အချက်တွေကို လေ့လာတဲ့နေရာမှာ သူတို့ စံနမူနာထားကြတာကတော့ သူတို့နဲ့ အနီးကပ်ဆုံးမှာရှိနေတဲ့ မိဘတွေကိုပါပဲ။ ကလေးတွေရဲ့ စံနမူနာဖြစ်ဖို့ဆိုတာ အလွန်အရေးကြီးတဲ့ အပိုင်းပါ။ 

စံနမူနာကောင်းတစ်ယောက်ဖြစ်ခြင်းက ကလေးတွေအတွက်ကောင်းမွန်တဲ့ အမူအကျင့်တွေကို လမ်းပြပေးနိုင်သလို ပြောဆိုဆက်ဆံရေး နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်းပါတိုးတက်စေနိုင်ပါတယ်။

တစ်ချို့သောမိဘတွေကသတိမထားလိုက်ခင်မှာပဲကလေးတွေရှေ့မှာ မှားယွင်းအထင်လွဲစေနိုင်တဲ့ အပြုအမူ အပြောအဆိုတွေကို သုံးစွဲတတ်မိကြပါတယ်။ ဒါဟာ မိဘများအနေနဲ့ အထူးသတိထား ရှောင်ရှားရမယ့် အချက်ပါ။

 

  1. ကလေးတွေရဲ့ ရန်ပွဲထဲ ဝင်ပါတတ်ခြင်း

 

ရန်ပွဲလို့ဆိုလိုက်ရင် မိဘတွေအတွက်က စိတ်အပူရဆုံး အရာတွေထဲကတစ်ခုပါပဲ။ ဒါပေမယ့် သင်ကိုယ်တိုင် အားပေးအားမြှောက်မလုပ်မိဖို့တော့ အထူးလိုအပ်ပါတယ်။ နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း ဖြစ်နေတဲ့ ပြဿနာကို မီးလောင်ရာလေပင့်ဖြစ်အောင် လုပ်မိရင်ကို သင်ဟာ မှားယွင်းနေပါပြီ။ 

ဖြစ်လာတဲ့ ပြဿနာ နဲ့ ပဋိပက္ခကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်း ရှိအောင် မိဘတွေအနေနဲ့ သွန်သင်ဆုံးမပေးရပါမယ်။ သွန်သင်ဆုံးမရာတွင်လည်း အပြုသဘောဆောင်ပြီး အကောင်းဘက်ကို သွားမယ့် အခြေအနေမျိုးကိုရောက်အောင် ခေါ်ဆောင်နိုင်ရပါမယ်။ သားသမီးကို စိတ်အပူလွန်ပြီး ဘာမှမမြင်နိုင်ပဲ ကိုကိုယ်တိုင်တောင် မသိလိုက်ခင်မှာ ပြဿနာ၊ ရန်ပွဲထဲကိုပါသွားတာမျိုးက ဆင်ခြင်ရမယ့် အချက်တစ်ချက်ပါပဲ။

 

  1. အမှားမလုပ်ခင်ကာကွယ်ခြင်း

 

သားသမီးတွေကို အမှားလုပ်မိတဲ့ ဝေဒနာကနေ ကာကွယ်ချင်တာက မိဘတွေအတွက် သာမာန်ဖြစ်နေပေမယ့် ကလေးတွေက လေ့လာသင်ယူပြီး ကြီးပြင်းလာဖို့အတွက် အမှားတွေလုပ်မိဖို့လိုအပ်ပါတယ်။ အမှားလုပ်မိခြင်းက ကလေးတွေအနေနဲ့ သူတို့လုပ်ဆောင်ခဲ့တဲ့ အရာတွေနဲ့ အနာဂတ်မှာ လုပ်ဆောင်နိုင်စွမ်းအားကို ပြန်လည်အကဲဖြတ်နိုင်ပြီး တာဝန်ယူနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

မြန်မာနိုင်ငံမှ မိဘအများစုက သားသမီးတွေအမှားမလုပ်မိခင်ကို ရှေ့က ကာဆီးကာဆီးလုပ်တာ၊ နည်းလမ်းပြောပြတာ၊ လုပ်မိခဲ့ရင်လည်း အပြုသဘောဆောင်ရမည့်အစား အပြစ်တင်၊ ဝေဖန်တတ်တာ စတဲ့ မှားယွင်းတဲ့အချက်တွေကို ကျင့်သုံးကြပါတယ်။ ဒါက ကလေးတွေအတွက် ကိုယ်ပိုင်ယုံကြည်ချက်ကို ပျောက်ဆုံးစေသလိုရှုံးနိမ့်မှုကို ကြောက်ရွံ့တဲ့စိတ်တွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ 

 

  1. ကလေးပြောစကားကို အရေးတယူမပြုမိခြင်း

 

သင့်ကလေးရဲ့ ပြောစကားတွေကို နားထောင်ပေးတဲ့ခါ သင်ဟာ သူတို့ရဲ့ အတွေးနဲ့ ခံစားချက်လေးတွေကို အသိအမှတ်ပြုပေးတယ်ဆိုတဲ့ အချက်ကပေါ်လွင်နေပါတယ်။ နားထောင်ခြင်းက သင့်ကလေးအတွက် အရေးပါကြောင်းပြသနိုင်ပြီး သင်တို့ကြားမှာရှိတဲ့ မိဘ နဲ့ သားသမီး ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေဖို့အတွက် ချိတ်ဆက်မှုတစ်ခုလည်းဖြစ်စေပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကိုယ်ပိုင်အယူအဆကို ဖွံ့ဖြိုးတိုးတတ်လာစေပြီး အခြားသူပြောစကားကို အရေးတယူ နားထောင်သင့်တယ်ဆိုတဲ့ အတွေးအခေါ် ကိုလည်း ရရှိသွားစေပါတယ်။

မိဘတွေက အမှုမဲ့ အမှတ်မဲ့ နားမထောင်လိုက်မိတာမျိုးဖြစ်နိုင်ပေမယ့် ဒါတွေက သူတို့လေးတွေအနေနဲ့ ပစ်ပယ်ခံရခြင်း၊  မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း စတဲ့ အချက်တွေကို ခံစားရစေပါတယ်။ ကလေးတွေအနေနဲ့ ဘယ်သူကမှ အရေးတယူမလုပ်ပဲ စိတ်ပျက်စရာကောင်းတဲ့ ပုံသေကားချပ် ဘဝကြီးမျိုးမှာ ကြီးပြင်းလာရတယ်လို့ ခံစားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ သတိထားသင့်ပါတယ်။ 

 

  1. လိုက်လျောညီထွေဖြစ်မှု မရှိခြင်း 

 

အခုခေတ်မိသားစု တော်တော်များများမှာ ကြုံတွေ့လေ့ရှိတတ်တဲ့ ပြဿနာပါ။     မိဘအများစုက သူတို့ကိုယ်သူတို့ အကောင်းဆုံးမိဘတွေဖြစ်လာအောင် ကြိုးစားအားထုတ်တတ်ကြပါတယ်။ ဒါပေမဲ့ ဖြစ်မလာပဲ လမ်းတစ်ဝက်မှာတင် ကျရှုံးပြီး မိဘနဲ့ သားသမီးကြား ပဋိပက္ခတွေဖြစ်ရတတ်တဲ့ အခြေခံအကျဆုံး ပြဿနာက လိုက်လျောညီထွေဖြစ်မှု မရှိတာပါ။

စဥ်ဆက်မပြတ်တိုးတတ်ပြောင်းလဲနေတဲ့ ခေတ်ကာလအနေအထားကို မိဘတွေ အနေနဲ့ လုံးလုံးလျားလျား အမှီမလိုက်နိုင်ရင်တောင် သားသမီးတွေကို အသိအမှတ်ပြုပေးရန် လိုအပ်ပါတယ်။ အုပ်ထိန်းမှုတိုင်း၊ ဆုံးမသွန်သင်မှုတိုင်းက လိုက်လျောညီထွေဖြစ်ရန်လိုအပ်ပါတယ်။ သားသမီးနဲ့မိဘကြား ပွင့်လင်းမြင်သာတဲ့ သက်တောင့်သက်သာ ရှိစေတဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးယူနိုင်ပါစေ။

 

  1. သားသမီးကို အလွန်အမင်း ဗဟိုပြုခြင်း

 

တစ်ဦးတည်းသော သား/သမီး ရှိတဲ့ မိသားစုမျိုး ဒါမှမဟုတ် သားဦး/သမီးဦး မွေးထားတဲ့ မိသားစု မျိုးမှာ အဖြစ်များကြပါတယ်။ တစ်မိသားစုလုံးမှာရှိတဲ့ အဖေ၊ အမေ၊ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ် အကုန်လုံးက ဒီကလေးမှ ဒီကလေး ဖူးဖူးမှုတ်ပြီး တရားလွန်ချစ်ကြတာမျိုးပါ။ကလေးနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံ၊ ပျာယာခတ်၊ စိတ်အပူလွန်ပြီး သည်းသည်းလှုပ်ချစ်ပြတတ်ကြမျိုးက တကယ်တော့ မှားယွင်းတဲ့ အပြုအမူမျိုးပါ။

ထိုကဲ့သို့သော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာ အကုန်ရ အကုန်ဖြစ်တယ် လူတိုင်းကငါ့ကို ဦးစားပေးတယ်၊ အလိုလိုက်တယ်ဆိုတဲ့ အသိစိတ်ကြီး ဝင်သွားပြီး ကိုယ်သာလျှင်ဗဟိုဖြစ်တယ်လို့ ခံယူလိုက်တတ်ကြပါတယ်။ ဒါဟာ ကိုယ့်သားသမီးကို တစ်ကိုယ်ကောင်းဆန် အတ္တကြီးတဲ့အခြေအနေမျိုးကို မဖြစ်ဖြစ်အောင် တွန်းပို့လိုက်သလိုမျိုး ဖြစ်စေမှာ အမှန်ပါ။

 

  1. အလိုလိုက်လွယ်ကူခြင်း

 

ကလေးကို ချစ်လွန်းအားကြီးပြီး အချစ်လွန်ကဲသွားရင် အနောက်မှာ အလိုလိုက်ခြင်းဆိုတာက ကပ်ပါလာမှာပါ။ ကိုယ့် သားသမီးကို ချစ်လို့ အလိုလိုက်တယ်ဆိုတဲ့ အချက်က အတိုင်းအတာတစ်ခုအထိပဲ ကောင်းတဲ့ အချက်ပါ။ 

Limitကျော်သွားရင်တော့ကလေးအတွက် ဆိုးကျိုးတွေကိုပဲဖြစ်ပေါ်စေမှာပါ။အလိုလိုက်တယ်ဆိုတာကိုယ့်သားသမီး လိုချင်တာမှန်သမျှဝယ်ပေး၊ စားချင်တာမှန်သမျှဝယ်ကျွေး၊ သွားချင်တဲ့ နေရာမှန်သမျှလိုက်ပို့ပေး၊ သားသမီးကို ချစ်လွန်းတော့ ဘာလုပ်လုပ် အပြစ်အမြင်၊ ဘာဖြစ်ဖြစ် ကိုယ့်သားသမီးဘက်ကပဲ အမှန် စတဲ့ အချက်တွေမျိုးကို ဆိုလိုတာပါ။ 

လိုချင်တာမှန်သမျှရတဲ့ကလေးဟာ မိမိရရှိထားတဲ့ ပစ္စည်းအပေါ်တန်ဖိုးမထားတတ်တော့ပါဘူးရတုန်း ခဏတာပဲ အာရုံရောက်ပြီး သုံးလေးရက်ရောက်နေရင် ငြီးငွေ့သွားတတ်ပါတယ်။ အဲဒီနောက် အသစ်ကို ထပ်လိုချင်ပြန်ပါတယ်။ ဒါက ဘယ်အရာမဆို တန်ဖိုးမထားတတ်ပဲ မေ့လွယ်ပျောက်လွယ်တဲ့ အမူအကျင့်ကြီးကို စွဲကပ်သွားစေနိုင်တာမို့လို့ မိဘတွေ အနေနဲ့ ထိန်းသိမ်းရမယ့် အချက်တစ်ချက်ပါပဲ။

 

  1. စည်းကမ်းသေချာမကြပ်မတ်ခြင်း

 

အလွန်အရေးကြီးတဲ့ အချက်ပါ။ စည်းကမ်းမရှိတဲ့သူကို ဘယ်သူကမှ သဘောမကျပါဘူး။ ငယ်ရာကနေ ကြီးတဲ့အချိန်ထိ အိမ်၊ ပတ်ဝန်းကျင်၊ ကျောင်း၊ အလုပ်ခွင် ဘယ်နေရာမှာဖြစ်ဖြစ် စည်းကမ်းကမ်းမဲ့ လက်လွတ်စပယ်နေတဲ့သူဟာ ရှိရင်းစွဲတန်ဖိုးထက်ကို  အမြဲကျဆင်းနေတတ်ပါတယ်။ 

ငယ်ရွယ်တဲ့ အချိန်မှာ စည်းကမ်းဆိုတဲ့ အဓိပ္ပါယ်ကို သင်ယူလိုက်နာခြင်း မရှိခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကိုယ်ပိုင်တိုးတတ်ချင်စိတ် နဲ့ စူးစမ်းချင်စိတ်ပါ ပျောက်သွားနိုင်တဲ့အပြင် စဥ်းစားတွေးခေါ်တတ်တဲ့ အရည်အသွေးလည်း ကျဆင်းသွားတတ်ပါတယ်။ လုပ်ငန်းခွင်ရောက်တဲ့အခါမှာလည်း အလုပ်ကိုတာဝန်အရ ဖြစ်ရုံပဲ လုပ်ကိုင်ပြီး လေးလေးနက်နက်ကြိုးစားချင်စိတ်မျိုး ပျောက်ဆုံးသွားတတ်တာကြောင့် မိဘတွေ အနေနဲ့ စည်းကမ်းကို ဘောင်အတွင်းကနေပြီး ကြပ်ကြပ်မတ်မတ် ချမှတ် ဆုံးမသင့်ပါတယ်။ 

 

 

အထက်မှာဖော်ပြသွားတဲ့ အချက်တွေအားလုံးက မိဘတွေအနေနဲ့ လေ့လာမှတ်သားသင့်တဲ့ အချက်တွေပါပဲ။ သင့်မှာ သားသမီးရှိတာပဲဖြစ်ဖြစ်၊ ရှိတဲ့ သားသမီးကို ဆုံးမသွန်သင်မှု လမ်းချော်နေတာပဲ ဖြစ်ဖြစ်  အမြန်ဆုံး လမ်းမှန်ကို ရောက်အောင် ပြုပြင်ပြီး အရည်အချင်းရှိ၊ တန်ဖိုးပြည့်ဝတဲ့ သားငယ်၊ သမီးငယ်လေးတွေအဖြစ် ပြုစုပျိုးထောင်ပေးလိုက်ကြရအောင်နော်။ 

 

Kindergarten Pre-school Primary Read 1166 times