Sales Hotline : 09448001653       Download App



နိုင်ငံခြား တက္ကသိုလ် ရွေးချယ်ရာတွင် သိထားသင့်သည့် အချက် ( ၁၀ ) ချက်

 

အထက်တန်းအောင်မြင်ပြီးလို့  ပြည်ပမှာ ကျောင်းသွားတက်ချင်တာပဲ ဖြစ်ဖြစ် ၊ လုပ်ငန်းခွင် ၀င်နေရင်းနဲ့မှ    အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်ဖို့အတွက်   ပြည်ပမှာ   ပညာဆက်သင်ချင်တာပဲဖြစ်ဖြစ် ၊ ထူးချွန်သူတို့အတွက် ပညာတော်သင်ဆု လျှောက်ချင်တာပဲဖြစ်ဖြစ် ဘယ်တက္ကသိုလ်ကို ရွေးရမှန်းမသိ     ဖြစ်နေပါသလား ။    ဒါဆိုရင်တော့   ဒီအချက်လေးတွေကို     သေချာပေါက်ဖတ်ကြည့်လိုက်ပါနော် ။ 

အောက်မှာ ဖော်ပြထားတဲ့အချက်တွေကို ကြည့်ပြီးတော့  ဘယ်ကျောင်းက ကိုယ့်အတွက် အဆင်ပြေမလဲ ၊ သင့်တော်မလဲ ၊ ဘယ်လို အလားအလာတွေရှိမလဲ ဆုံးဖြတ်ရာမှာ အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ် ။ 

 

  1. တက္ကသိုလ် အမျိုးအစားရွေးချယ်ပါ

တက္ကသိုလ်တက်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ကိုယ့်ရဲ့ အထက်တန်း ပညာရေး ပန်းတိုင်က ဘာလဲဆိုတာ သေချာဆုံးဖြတ်ပါ ။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်နဲ့ ပတ်သက်ပြီး ကျောင်းအရွယ်အစား ၊ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေ ၊ ကျောင်းပတ်ဝန်းကျင် အနေအထား ၊ Rating ကောင်း မကောင်း ၊ တက်ရမယ့် နှစ် အရေအတွက် ၊ ကျောင်းတစ်ဖက်တက်ရင်း အလုပ်လုပ်ခွင့် ရ/မရ စသည်တို့ကို စုံစမ်းရင်း တက္ကသိုလ်ရှာပါ။

 

  1. တက်ရောက်မည့် ဘာသာရပ် ရွေးချယ်ပါ 

ကိုယ်တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ကိုယ့်ရဲ့ အားသာချက် ၊ စိတ်ဝင်စားမှု ၊ ထူးချွန်မှု အပေါ် အဓိက အခြေခံထားပြီး ရွေးချယ်ပါ ။ တက္ကသိုလ်အများစုမှာ သက်ဆိုင်ရာ နယ်ပယ်အမျိုးမျိုးမှာ အားသာချက်ကိုယ်စီရှိကြပါတယ် ။ ကိုယ်ရွေးချယ်ထားတဲ့ ကျောင်းမှာ ကိုယ်တက်ချင်တဲ့ ဘာသာရပ်ရှိ / မရှိ သေချာစုံစမ်းလေ့လာပါ။ စိတ်၀င်တစားနဲ့ လေ့လာသင်ယူနိုင်ဖို့ကလည်း အရေးကြီးပါတယ် ။ ကိုယ်တက်ချင်တဲ့ မေဂျာကို အနည်းဆုံး (၃) ခုလောက် စဥ်းစားရွေးချယ်ထားပါ။ တစ်ခုမရခဲ့သည်ရှိသော် နောက်တစ်ခု ရွေးချယ်ဖို့ ရှိနေခြင်းက အဆင်ပြေစေပါတယ်။

 

  1. ကိုယ်နေထိုင်လိုသည့် နေရာကို ရွေးချယ်ပါ

ထည့်သွင်းစဥ်းစားရမယ့် အချက်များထဲတွေမှာ ကျောင်းတက်ရင်း ဘယ်နေရာမှာ နေချင်လဲ ဆိုတာကလည်း အရေးကြီးပါတယ် ။ ယခုခေတ်တွင် ရွေးချယ်စရာ တက္ကသိုလ် ၊ ကောလိပ်များ များစွာရှိသည့်ထဲမှာမှ ကိုယ်နေထိုင်လိုတဲ့ နေရာ နဲ့ ချိန်ပြီး ရွေးချယ်ခြင်းကလည်း တက္ကသိုလ်ရွေးချယ်ရာမှာ များစွာ အထောက်အကူပြုပါတယ် ။ အိမ်ကို ကျောင်းနဲ့ အနီးမှာ လိုချင်တာလား ၊ ဝေးတာကို ကြိုက်တာလား ၊ တောင်ဘက်လား ၊ မြောက်ဘက်လား ၊ မြို့ထဲမှာ နေချင်တာလား ၊ တိတ်ဆိတ်အေးချမ်းတဲ့ ကျေးလက်ဆန်ဆန် နေရာမျိုးးကို ကြိုက်တာလား စတဲ့ မေးခွန်းများကို အခြေခံပြီး စဥ်းစားရင်တော့ သင့်အတွက် သင့်တော်တဲ့‌ နေထိုင်စရာ အပြင် တက္ကသိုလ်ကိုပါ ရွေးချယ်နိုင်ပါလိမ့်မယ် ။

 

  1. တက်ရောက်မည့် ကျောင်းသားအရေအတွက်ကို ထည့်သွင်းစဥ်းစားပါ

ကျောင်းရဲ့  အရွယ်အစား ၊ ဖွဲ့စည်းတည်ဆောက်ပုံတို့ အပြင် လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားအရေအတွက်ကိုထည့်သွင်းစဥ်းစားခြင်းကလည်း တက္ကသိုလ်ရွေးချယ်ရာမှာ အထောက်အကူပြုစေပါတယ် ။ ကျောင်းသားအချို့မှာ လက်ရှိတက်ရောက်နေတဲ့ ကျောင်းထက် ကျောင်းသားပိုများတာကို လိုလားကြပြီး အချို့မှာမူ တက္ကသိုလ်ကျောင်း၀င်းငယ်တစ်ခု ရဲ့ ရင်းနှီးမှုကို ပိုပြီးလိုလားကြပါတယ် ။ ကျောင်းရဲ့ ကျောင်းသားဦးရေ စာရင်း အထောက်အထားများကို သေသေချာချာ လေ့လာရှာဖွေပါ။ ကျောင်း၀င်း အနေအထားကိုလည်း သုတေသနပြုလုပ်နိုင်ပါတယ်။

 

  1. ကျောင်းသဘာဝ နှင့် ယဥ်ကျေးမှုကို လေ့လာပါ 

သင့်ရဲ့ တက္ကသိုလ်ဘဝအတွေ့အကြုံဟာ ဘယ်လို ဘယ်ပုံ ရှိမလဲဆိုတာကို စိတ်ကူးယဥ်ကြည့်ဖူးပါသလား ။  ကိုယ်ရွေးချယ်မဲ့ ကျောင်းရဲ့  ယဥ်ကျေးမှု ၊ အခြေအနေ ၊ ဘယ်လို ပွဲတော် ၊ လုပ်ဆောင်ချက်တွေ ရှိတယ်ဆိုတာကို သေချာလေ့လာပါ ။ ရှာဖွေပါ ။ ပညာရှာတဲ့ နေရာမှာ ပျော်ရွှင်ဖို့ကလည်း အလွန်အရေးကြီးပါတယ် ။ ကျောင်းသားများအတွက် ပျော်ရွှင် စိတ်ကြည်နူးစရာတွေ ဖန်တီးဖို့ကလည်း တက္ကသိုလ်ဘဝမှာ မရှိမဖြစ် ပါကိုပါရမယ့် အရာတစ်ခုပါ။ 


       6. ငွေကြေးကုန်ကျစရိတ်ကို တွက်ချက်ပါ

သင့်ရဲ့ ပညာရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ကောင်းမွန်ဖို့အတွက် တက္ကသိုလ်ကောင်းကောင်း ရှာဖွေတဲ့ နေရာမှာ ငွေကြေး ကုန်ကျစရိတ်ကလည်း အရေးတကြီးထည့်သွင်း စဥ်းစားရမယ့် အချက်တစ်ချက်ပဲ ဖြစ်ပါတယ် ။ ကိုယ်ရွေးချယ်ထားတဲ့ ကျောင်းရဲ့ ငွေကြေးကုန်ကျစရိတ်ကို သေချာလေ့လာစုံစမ်းပါ ။ ကျောင်းသားချေးငွေရှိ / မရှိ ၊ ပညာတော်သင်ဆု ရှိ / မရှိ ၊ အရစ်ကျ ငွေပေးချေမှု ရှိ / မရှိ ၊ ငွေပေးသွင်းရမယ့် အဆင့်တွေ စတဲ့အချက်တွေကို သေချာလေ့လာစုံစမ်းပြီးမှ ကိုယ်တက်ရောက်ရမယ့် နှစ် နဲ့ အချိုးချပြီး ကိုယ့်ရဲ့ Budget နဲ့ အံ၀င် ကိုက်ညီမှု ရှိ / မရှိကို သေချာဆုံးဖြတ်နိုင်ပါစေ ။ တစ်ချို့ တက္ကသိုလ်တွေမှာ ပညာသင်စရိတ်ကို အသေးစိတ်တွက်ချက်နိုင်တဲ့ ၀န်ဆောင်မှုမျိုးကိုပါ ထည့်သွင်းပေးသည်ကို တွေ့ရှိနိုင်ပါတယ် ။ 

 

  1. လုပ်ငန်းခွင်အတွက် ထည့်တွက်ပါ

အကောင်းဆုံကတော့ တက္ကသိုလ်ဆိုတာက သင်ကိုယ်တိုင် ကြုံတွေ့ရမယ့် အတွေ့အကြုံတွေကို အများကြီး ရရှိနိင်တဲ့ အခွင့်အရေးကြီးတစ်ခုဖြစ်သလို ကျောင်းတက်ခြင်း ခရီးစဥ်ကြီး ပြီးဆုံးသွားပါကလည်း နောက်ထပ်ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် အဓိကကျတဲ့ နေရာတစ်ခုပါပဲ ။ ဒါကြောင့် တက္ကသိုလ်ရွေးချယ်တဲ့ အခါမှာလည်း သင့်ရဲ့ အသက်မွေးလမ်းကြောင်း ခရီးစဥ်အတွက် ဘယ်လို ဘယ်ပုံ ကူညီပေးနိုင်တယ် ၊ အထောက်အကူပြုပေးနိုင်တယ်ဆိုတာကို သေချာထည့်သွင်း ဆုံးဖြတ် သင့်ပါတယ် ။ 



     8. အခွင့်အရေးများကို ရှာဖွေပါ

ပညာတော်သင်နဲ့ သွားတာမျိုး မဟုတ်ပဲ ကိုယ့်အစီအစဥ်နဲ့ကိုယ် ကျောင်းသွားတက်မယ်ဆိုရင် ကျောင်းတက်နေရင်းနဲ့မှ ကိုယ့်အတွက် အခွင့်အရေးတွေကို ရှာဖွေလေ့လာစုံစမ်းသင့်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေအတွက် ဘယ်လို ပညာတော်သင်ဆုတွေရှိလဲ ၊ ဘယ်လို မွမ်းမံသင်တန်းတွေရှိနိုင်လဲ ၊ ဘယ်လိုထောက်ပံ့မှုတွေ ရှိလဲ ၊ အလုပ်အကိုင် ကမ်းလှမ်းမှု ဘာတွေရှိနိုင်လဲ ဆိုတာတွေပါ စဥ်ဆက်မပြတ် လေ့လာရှာဖွေသင့်ပါတယ် ။

 

  1. တက္ကသိုလ်ကို E mail ပို့ပါ

ကျောင်းနဲ့ ပတ်သက်ပြီး ကိုယ်သိချင်တဲ့ အချက်များကို အသေးစိတ်စုံစမ်းချင်တယ်ဆိုရင် ကိုယ်စကာတင် ရွေးချယ်ထားတဲ့ ကျောင်းတွေကို E mail ပို့ပါ ။ ကျောင်းဘက်ကဘယ်လို အထောက်အပံ့မျိုးတွေ ပေးနိုင်လဲ ၊ ကိုယ့်ဘက်က ဘာစာရွက်စာတမ်းတွေ ပို့ရမလဲ ၊ ဒီဘက်ကပညာရေးထောက်ခံ့ချက် ၊ သတ်မှတ်ချက် ဘာတွေလိုအပ်လဲ ၊ တက်ရောက်ရမယ့် အချိန် စတဲ့အချက်တွေကို သိချင်တယ်ဆိုရင် ကိုယ့်အကြောင်းကို သေချာလေး ပြောပြပြီး တိုက်ရိုက်မေးမြန်းလို့ရပါတယ် ။ တက္ကသိုလ်တွေရဲ့ Website တွေမှာ သူတို့ဆီ ဆက်သွယ်ရမယ့် လိပ်စာတွေ ထည့်ပေးထားပါတယ် ။ အဲဒီကနေမှ တစ်ဆင့် Email ပို့ပြီး ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ။

 

  1. စီနီယာများထံမှ အကြံအဉာဏ်ရယူပါ

ကိုယ်တက်ရောက်မယ့် တက္ကသိုလ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တာမျိုးရှိရင် ကိုယ်သွားတက်မယ့် နိုင်ငံမှာ လက်ရှိတက်ရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ၊ တက်ရောက်ပြီးခဲ့သော စီနီယာများကိုပဲဖြစ်ဖြစ် Social Media Page တွေ ၊ Group တွေမှာ ကိုယ်သိချင်တဲ့ အချက်တွေကို သေချာရေးသားပြီး မေးမြန်းနိုင်ပါတယ် ။ အရင်ဆုံး ကိုကိုယ်တိုင် သေချာစုံစမ်းလေ့လာပါ ။ ပြီးမှသာ သိချင်တာတွေကို မေးမြန်းပါ ။ ဒီအချက်ကလည်း ကိုယ်တက်ရောက်မယ့် တက္ကသိုလ်ရဲ့ အကြောင်းအရာ အချက်အလက်တွေကို သိရှိနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ် ။

 

ကိုယ်တက်ရောက်မယ့် ကျောင်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ဆိုတာ တကယ့်ကို ရှည်လျားတဲ့ လုပ်ငန်းစဥ်တစ်ခုပါပဲ ။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို ထည့်သွင်းစဥ်းစားခြင်းဖြင့်လည်း သင်အမှန်တကယ် လျှောက်ထားနိုင်မယ့် လက်တစ်ဆုပ်စာ ကျောင်းစာရင်းကို ရှာဖွေနိုင်ပြီး နောက်ဆုံးမှာ ကိုယ်တက်ရမယ့် ကျောင်းကို သေသေချာချာ ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ 

 

Knowledge Read 1005 times