ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် Bloom’s Taxonomy

ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တစ်ဆင့်ချင်း ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အသုံးပြုလို့ရတဲ့ သီအိုရီတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။

Bloom’s Taxonomy လို့ခေါ်ပြီး ၁၉၅၆ ခုနှစ်မှာ အမေရိကန် ပညာရေးစိတ်ပညာရှင် ဒေါက်တာ ဘန်ဂျမင် ဘလွန်း (Dr. Benjamin Bloom) ဦးဆောင်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့က ရေးဆွဲဖန်တီးခဲ့တဲ့ သင်ကြားရေးဆိုင်ရာ အညွှန်းဘောင်တစ်ခု ဖြစ်ပါတယ်။

Bloom’s Taxonomy ဆိုတာ အကြောင်းအရာတစ်ခုကို သိရှိပြီး မေ့မသွားအောင် မှတ်ရုံတင်မဟုတ်ဘဲ စဉ်းစားတွေးခေါ် ဖန်တီးနိုင်အောင် Thinking level အလိုက် စနစ်တကျ တည်ဆောက်ထားတဲ့ Learning Model တစ်ခုပါ။

ဒါကြောင့်လည်း Bloom’s Taxonomy ကို နိုင်ငံတကာ သင်ကြားရေး ပညာရှင်တွေက လက်ခံကျင့်သုံးပြီး ကောင်းမွန်တဲ့ သင်ကြားမှုနဲ့ အကဲဖြတ်စစ်ဆေးမှုတို့ကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Bloom’s Taxonomy မှာ အောက်ပါအတိုင်း အဆင့် (၆) ဆင့် ပါရှိပါတယ်။ မှတ်မိခြင်းမှ ဖန်တီးနိုင်တဲ့အထိ တစ်ဆင့်ချင်း မေးခွန်းတွေ မေးပြီး လေ့ကျင့် သင်ကြားပေးနိုင်ပါတယ်။  

  • Remember (မှတ်မိခြင်း)
  • Understand (နားလည်ခြင်း)
  • Apply (အသုံးချခြင်း)
  • Analyze (ခွဲခြမ်းစိတ်ဖြာခြင်း)
  • Evaluate (အကဲဖြတ်ခြင်း)
  • Create (ဖန်တီးခြင်း)

Bloom’s Taxonomy မှာ ပါဝင်တဲ့ အဆင့် (၆) ဆင့်အတိုင်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားနိုင်စွမ်းကို ဘယ်လို မြှင့်တင်ပေးရမလဲဆိုတာ ဥပမာနဲ့တကွ ရှင်းပြပေးသွားပါမယ်။ 

၁။ Remember (မှတ်မိခြင်း)

ဒီအဆင့်မှာ စာကို မှတ်မိစေဖို့ အခြေခံကျတဲ့ အကြောင်းအရာတွေကို ပြောပြ၊ ဖတ်ပြပေးရပါတယ်။ ပြီးရင် အဓိက အချက်တွေကို ကောက်နုတ်ပြီး ဘာလဲ၊ ဘယ်နေရာလဲ၊ ဘယ်အချိန်လဲ၊ ဘယ်သူလဲ စတဲ့ မေးခွန်းတွေ မေးပေးရပါတယ်။ ဥပမာ - မြန်မာနိုင်ငံအကြောင်း သင်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမြို့တော်က ဘာလဲ? မြန်မာနိုင်ငံက ဘယ်နေရာမှာ ရှိတာလဲ?  စတာတွေ မေးပါ။ 

၂။ Understand (နားလည်ခြင်း)

သင်ရမယ့် အကြောင်းအရာကို စာပိုဒ်ကြီးလိုက် ဖတ်ပြနေတာထက် အတိုချုပ်ပြီး သဘောတရား နားလည်အောင် ရှင်းပြပေးရပါတယ်။ လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဥပမာတွေပေးပြီး သင်ကြားပေးရပါမယ်။ ဘာကြောင့်လဲ၊ ဘယ်လိုလဲ ရှင်းပြပါ ဆိုတဲ့ မေးခွန်းတွေကို မေးရမယ့် အဆင့်ဖြစ်ပါတယ်။ ဥပမာ - ရေသံသရာလည်ခြင်းအကြောင်းကို သင်ပေးပြီး သူတို့ နားလည်သလို ပြန်ရှင်းပြခိုင်းပါ။ 

၃။ Apply (အသုံးချခြင်း)

ဒီအဆင့်ကတော့ သိရှိနားလည်သွားပြီဖြစ်တဲ့ အကြောင်းအရာတွေကို လက်တွေ့ အသုံးချနိုင်အောင် သင်ကြားပေးရမယ့် အဆင့်ပါ။ ဒါကို ဘယ်လို ဖြေရှင်းမလဲ? ဒါကို ဘယ်လို အသုံးပြုရမလဲ? စတဲ့ မေးခွန်းတွေ မေးရပါမယ်။ သင်က အင်္ဂလိပ်စကားလုံးတစ်လုံးအသစ် သင်တယ်ဆိုပါစို့၊ ဒီစကားလုံးကို သူတို့ လက်တွေ့ဘ၀မှာ ဘယ်လို သုံးရမလဲသိအောင် ဝါကျတွေ တည်ဆောက်ခိုင်းပါ။

၄။ Analyze (ခွဲခြမ်းစိတ်ဖြာခြင်း)

ဒီအဆင့်မှာ အချက်အလက်အသစ်ကို မသင်တော့ဘဲ သင်ပြီးသား အကြောင်းအရာတွေကို ခွဲခြားကြည့်တတ်၊ နှိုင်းယှဉ်ကြည့်တတ်အောင် မေးခွန်းတွေ မေးရပါတယ်။ ဥပမာ - သက်ရှိတွေအကြောင်း သင်ပြီးသားဆိုရင် အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ကွဲပြားချက်က ဘာလဲ၊ ကျောရိုးရှိနဲ့ ကျောရိုးမဲ့ တိရစ္ဆာန်တွေကို ဘယ်လို ခွဲခြားမလဲ စတဲ့ မေးခွန်းမျိုးတွေ မေးရမှာ ဖြစ်ပါတယ်။

၅။ Evaluate (အကဲဖြတ်ခြင်း)

ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်ဖို့၊ ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်နိုင်ဖို့၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ သင်ကြားပေးရမယ့် အဆင့်ပဲ ဖြစ်ပါတယ်။ သင်ယူသူတွေရဲ့ ထင်မြင်ချက်တွေ၊ ကောက်ချက်ချမှုတွေကို မေးရမှာ ဖြစ်ပါတယ်။ ဥပမာ - ရေက သက်ရှိတွေအတွက် မရှိမဖြစ် လိုအပ်တာလား? ဟုတ်/မဟုတ်ဆိုတာထက် သူတို့အဖြေပေါ် လိုက်ပြီး ဒီအဖြေကို ဘာကြောင့် ရွေးချယ်ရတာလဲ၊ ဘာလို့ ဒီလိုဆုံးဖြတ်ရတာလဲဆိုတာ မေးရမှာ​ ဖြစ်ပါတယ်။  

၆။ Create (ဖန်တီးခြင်း)

နောက်ဆုံးအဆင့်ကတော့ သင်ပြီးသား အကြောင်းအရာတွေကို အသုံးချပြီး အသစ်တစ်ခု ကိုယ်တိုင် ဖန်တီးနိုင်အောင် လေ့ကျင့်ပေးရပါတယ်။ စာအုပ်ထဲက အဖြေကို တိုက်ရိုက်ကူးတာမျိုး မဟုတ်ဘဲ ပုံဆွဲခိုင်းတာ၊ ပိုစတာလုပ်ခိုင်းတာ၊ Presentation လုပ်ခိုင်းတာ စတာတွေကို ကိုယ်တိုင် ပြင်ဆင်ရင်းနဲ့ သင်ယူရမယ့် အဆင့်ပါ။ ဥပမာ - လူ့ကိုယ်ခန္ဓာအကြောင်း သင်ပြီးရင် ကျောင်းသားတွေကို ကိုယ်တိုင် ပုံဆွဲစေပြီး အစိတ်အပိုင်းတွေကို အမည်တပ်ခိုင်းနိုင်ပါတယ်။

Bloom’s Taxonomy ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ ကျောင်းသားတစ်ယောက်ရဲ့ သင်ခန်းစာတစ်ခုအပေါ် ဘယ်လောက်အထိ နားလည်လဲ၊ ဘယ်လောက်အထိ ဝေဖန်ပိုင်းခြားနိုင်လဲ၊ ဘယ်လောက်ထိ အသုံးချနိုင်လဲဆိုတာကို စစ်ဆေးအကဲဖြတ်တဲ့ စနစ်တစ်ခုပါ။ ဆရာ/မတွေအနေနဲ့ ဘယ်လို ဘာသာရပ်မျိုးမှာမဆို ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် ကျောင်းသားတွေရဲ့ Thinking Skill ကို တိုးတက်စေမယ့်အပြင် ထိရောက်တဲ့ သင်ယူမှုကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

High Primary Secondary Read 21 times