Sales Hotline : 09448001653       Download App



(၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးကျင်းပ

ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံကအွန်လိုင်းမှ တာဝန်ယူကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး (11th ASEAN Education Ministers Meeting) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အာဆီယံအထွေထွေအတွင်းရေးမှုးချုပ်တို့ တက်ရောက်ကြပြီးပညာရေးဝန်ကြီးများကအလှည့်ကျ မိန့်ခွန်းပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ပညာရေးစနစ်များပြောင်းလဲခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သောအရည်အသွေးရှိသင်ယူမှုအခွင့်အလမ်းများမဆုံးရှုံးစေရန်နှင့် အနာဂတ်၌ ထပ်မံကြုံတွေ့လာနိုင်သည့်ကိစ္စရပ်များကိုအကောင်းဆုံးရင်ဆိုင်နိုင်ရန်အတွက် လက်ရှိပညာရေးစနစ်ကို ပြန်လည်ပုံဖော်ရာတွင် အစိုးရများနှင့် ပညာရေးဌာနများအနေဖြင့် စိန်ခေါ်မှုများရင်ဆိုင်နေရပါကြောင်း၊

မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့် ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီဇူလိုင်လ (၁၇) ရက်က မြန်မာနိုင်ငံတစ်ဝန်းရှိအထက်တန်းကျောင်းပေါင်း (၇၁၇၃) ကျောင်းရှိသည့်အနက် (၆၅၂၆) ကျောင်းကိုဖွင့်လှစ်ခဲ့ပါကြောင်း၊ သို့သော် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် အဆိုပါကျောင်းများကို ဩဂုတ်လ (၂၇) ရက်နေ့၌ ပြန်လည်ပိတ်ခဲ့ရပါကြောင်း၊

ဗွီဒီယိုသင်ခန်းစာများကိုလည်းပညာရေးဝန်ကြီးဌာန၏ Education Channel မှတစ်ဆင့် ထုတ်လွှင့် ပေးနေသကဲ့သို့ ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform) မှတစ်ဆင့် အွန်လိုင်းသင်တန်းများပို့ချပေးလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံတစ်ဝန်းရှိကျောင်းသားများသင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေးဟူသောပညာရေးဝန်ကြီးဌာန၏ မူဝါဒအပေါ် အခြေခံလျက် အစိုးရနှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားလိုင်းများနှင့် FM ရေဒီယိုတို့နှင့်ပူးပေါင်းကာလေ့လာသင်ယူမှုအခွင့်အလမ်းများကိုပိုမိုဖန်တီးပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ် သင်ကြား-သင်ယူမှု ဆိုင်ရာ Toolkits များကိုအင်တာနက်လိုင်းများမရရှိနိုင်သည့် ဝေးလံခေါင်ဖျားဒေသများတွင် အသုံးပြုနိုင်ပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ်သင်ခန်းစာများကို ပြုစုလျက်ရှိသကဲ့သို့ Myanmar National Open University ဖော်ဆောင်နိုင်ရေးအတွက်လည်းလေ့လာဆွေးနွေးလျက် ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကိုရေးဆွဲရာတွင် ကျောင်းသားကျောင်းသူများလူသားကောင်းစိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ဆန်းသစ်တီထွင်မှုကိုဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု(IQ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေးနိုင်မှု (EQ) နှင့် ၂၁ ရာစုအရည်အသွေးများ ပြည့်ဝစေရေးအတွက် ဦးတည်ဆောင်ရွက် သွားမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ၊ မဟာဗျူဟာများ၊ မူဝါဒများနှင့်အတူအာဆီယံပညာရေးစီမံချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) ၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် လာမည့် (၁၀) နှစ်အတွင်းအကောင်အထည်ဖော်မည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကိုထည့်သွင်းပုံဖော်သွားမည်ဖြစ်ပါ ကြောင်း၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၂၀ ခုနှစ်)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၊ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) (၂၀၃၀) ၏ ရည်မှန်းချက်များ၊ အမျိုးသားပညာရေးဥပဒေ(၂၀၁၄)၊ သိပ္ပံနှင့်နည်းပညာဥပဒေ(၂၀၁၈)၊ ဘက်စုံလွှမ်းခြုံသောပညာရေးကဏ္ဍလေ့လာသုံးသပ်မှု (CESR) (၂၀၁၆)၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း နှစ်လယ်သုံးသပ်ချက်အစီရင်ခံစာ(၂၀၁၉)မှ ထောက်ခံအကြံပြုချက်များအပါအဝင် အစီရင်ခံစာများ၊ တင်ပြချက်များကိုကျယ်ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်၍ Stakeholders များ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကိုပေါင်းစပ်ကာအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) မူကြမ်းကိုရေးဆွဲပြုစုသွားမည်ဖြစ်ပါကြောင်း၊

၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ကျင်းပခဲ့သောဆီမီယိုအစည်းအဝေးရလဒ်များနှင့် ဦးစားပေး (၇) ရပ်တို့ကိုမိမိတို့ အနီးကပ်ပူးပေါင်းအကောင်အထည်ဖော်သွားကြမည်ဖြစ်ပါကြောင်း၊ သဘာဝအရင်းအမြစ် များမှာအကန့်အသတ်ရှိပြီးလူသားအရင်းအမြစ်များမှာပိုမိုတန်ဖိုးရှိပါကြောင်း၊ သင်ယူလေ့လာမှုမှာမူအနန္တအရင်းအမြစ်များဖြစ်ပြီးအနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံဒေသတွင် တစ်သက်တာဒီဂျစ်တယ်ပညာရေးအခွင့်အလမ်းမြှင့်တင်ခြင်းဖြင့် ၂၁ ရာစုအရည်အသွေးများပိုင်ဆိုင်ရန် တစ်သက်တာသင်ယူမှုများကိုလေ့ကျင့်ပျိုးထောင်သွားကြမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအားလုံးကျန်းမာပျော်ရွှင်စေရန်နှင့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက် အောင်မြင်စွာကြေညာနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးပူးတွဲကြေညာချက် ကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Educational Information Department

Read 483 times