စာကတော့ အချိန်အကြာကြီး ကျက်နေတာပဲ၊ ဒါပေမဲ့ မျှော်မှန်းထားသလောက်လည်း စာရမနေဘူးဆိုရင် အခုပြောပြမယ့် Study Method တွေကို မသိသေးလို့ပါ။ စာလေ့လာခြင်းက အချိန်ပမာဏပေါ်မူတည်တာမဟုတ်ပဲ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်မှုအပေါ်မှာလည်း အများကြီး သက်ရောက်မှုရှိပါတယ်။
ထိရောက်တဲ့ Study Method ကို အသုံးပြုမယ်ဆိုရင် ကျောင်းသားကျောင်းသူတွေအနေနဲ့ Focus ကောင်းလာမယ်၊ သင်ခန်းစာတွေကို နားလည်နိုင်စွမ်းမြင့်လာမယ်၊ အချိန်ကြာကြာ မှတ်မိနိုင်မယ်။ ဒါကြောင့် ကျောင်းသားတွေအတွက် အသုံးဝင်မယ့် Study Method (၁၀) ခု ကို မျှဝေပေးသွားပါမယ်။
၁။ SQ3R
SQ3R ဆိုတာ Survey၊ Question၊ Read၊ Recite နဲ့ Review ဆိုတဲ့ အဆင့် (၅) ဆင့်ပါဝင်တဲ့ စာကျက်နည်းတစ်ခု ဖြစ်ပါတယ်။ စာကို တစ်ခါတည်း မဖတ်ဘဲ အရင် Overview ကြည့်ပြီး ဒီသင်ခန်းစာက ဘာအကြောင်းလဲ၊ ဒီသင်ခန်းစာနဲ့ပတ်သက်ပြီး ဘာတွေသိထားလဲဆိုတာ အရင် မေးခွန်းထုတ်ပါ။ နောက်မှ စာသေချာဖတ်ကြည့်ပြီး ကိုယ်နားလည်သလို Note တွေ မှတ်ထားပါ။ Chapter တစ်ခုလုံး နားလည်သွားပြီဆိုရင် မေးခွန်းတွေ ဖြေကြည့်တာ၊ အဓိကအကြောင်းအရာတွေကို ပြန်ကြည့်တာမျိုး လုပ်ပါ။ ဒီနည်းလမ်းဟာ Textbook Study အတွက် အထူး အသုံးဝင်ပါတယ်။
၂။ Retrieval Practice
.png)
Retrieval Practice ဆိုတာ သင်ခန်းစာတစ်ခု သင်ပြီးတာနဲ့ စာအုပ်ကို လုံ၀ ပြန်မကြည့်ဘဲ ချက်ချင်း မေးခွန်းဖြေတဲ့ပုံစံမျိုးပါ။ ကျက်ပြီးသားစာ ပြန်နွှေးတဲ့အခါမှာလည်း Retrieval Practice ကို အသုံးပြုသင့်ပါတယ်။ ဒီစာလေ့လာနည်းက Memory ကို Strong ဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ စာအုပ်ထဲက အဖြေတွေကို ကြည့်ပြီး မှတ်တာထက် စာအုပ်မကြည့်ဘဲ ကိုယ်တိုင်ဖြေကြည့်ပြီးမှ စာအုပ်ထဲက အဖြေနဲ့ ပြန်တိုက်တာက ပိုပြီး မှတ်မိနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
၃။ Spaced Practice
ခက်ခဲရှုပ်ထွေးတဲ့စာတွေကို တစ်ထိုင်တည်း လုပ်မယ်ဆိုရင် လူကနေသာပေမဲ့ ဦးနှောက်ကတော့ ကုန်သွားပါလိမ့်မယ်။ ဒါကြောင့် စာလုပ်တဲ့အခါမှာ အချိန်တွေ ခွဲပြီး လုပ်တာကလည်း အကျိုးရှိစေပါတယ်။ ပထမရက်မှာ စာဖတ်မယ်၊ ဒုတိယမှာ နားလည်အောင်လုပ်မယ်၊ တတိယရက်မှာ မေးခွန်းတွေ ဖြေကြည့်မယ်၊ စတုတ္ထရက်မှာ စာပြန်နွှေးမယ် စတဲ့ ဒီလိုရက်တွေ၊ အချိန်တွေ ခွဲပြီး လုပ်တာကို Spaced Practice လို့ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ခန်းစာအပေါ်မှာ ပိုပြီး နားလည်နိုင်စွမ်း မြင့်တက်သွားပြီး နောက်ပိုင်းမှာ စာကို အလွယ်တကူ ပြန်လည်မှတ်မိနိုင်စေပါတယ်။
၄။ PQ4R

PQ4R ဆိုတာ Preview၊ Question၊ Read၊ Reflect၊ Recite နဲ့ Review ဆိုတဲ့ Study Method ဖြစ်ပါတယ်။ SQ3R နဲ့ ဆင်တူပေမယ့် သူ့မှာ Reflect ဆိုတဲ့ အဆင့်တစ်ခု ပိုပါတယ်။ အရင်ဆုံး သင်ခန်းစာကို ခြုံငုံဖတ်ကြည့်ပါ။ ပြီးရင် သင်သတိထားမိတဲ့အပိုင်းတွေကို မေးခွန်းထုတ်ကြည့်ပါ။ ပြီးမှ စာကို သေချာ အသေးစိတ် ဖတ်ပါ။ စာသေချာဖတ်ပြီးရင် မေးခွန်းတွေ ဖြေကြည့်ပါ။ ပြီးရင် ကိုယ်နားလည်သလို ပြန်ပြောကြည့်ပါ။ မရှင်းတဲ့စာတွေ ရှိသေးရင် ပြန်ဖတ်ပြီး Key notes တွေ မှတ်ထားပါ။ နောက်ဆုံးအဆင့်ကတော့ သင်ခန်းစာတစ်ခုလုံးကို ပြန်လည်စစ်ဆေး Review လုပ်ခြင်းပဲ ဖြစ်ပါတယ်။
၅။ Feynman Technique
Feynman Technique ဆိုတာ နားလည်ထားတဲ့အရာကို ရိုးရှင်းတဲ့စကားလုံးတွေနဲ့ ပြန်ရှင်းပြခြင်း ဖြစ်ပါတယ်။ ကိုယ်ရှင်းပြနိုင်မယ်ဆိုရင် အဲ့ဒီ သင်ခန်းစာကို တကယ်နားလည်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဥပမာတွေပါ ပေးပြီး ရှင်းပြနိုင်ပြီဆိုရင်တော့ နောက်ပိုင်းမှာ စာမေ့တာမျိုး မဖြစ်တော့ပါဘူး။ ကိုယ်ရှင်းပြတာတွေမှာ နားမလည်တာ၊ ကမောက်ကမဖြစ်နေတာတွေက Learning gap ဖြစ်တာကြောင့် ပြန်လေ့လာရပါမယ်။ ဒီနည်းလမ်းက အရမ်းအကျိုးရှိပြီး စွဲစွဲမြဲမြဲ မှတ်မိစေမယ့် နည်းလမ်းလေးဖြစ်ပါတယ်။
၆။ Leitner System
Leitner System ဆိုတာ Flashcard တွေကို Box အလိုက်ခွဲပြီး စာပြန်ကြည့်မယ့်အချိန်တွေကို စနစ်တကျ စီမံထားတဲ့ Study Method ဖြစ်ပါတယ်။ ဒီနည်းလမ်းက Spaced Repetition (အချိန်ခွဲပြီး ပြန်လေ့လာခြင်း) ကို အခြေခံထားတာပါ။ မှတ်မိပြီးသားကို အချိန်တော်တော်ကြာမှ ပြန်ကြည့်ပြီး မမှတ်မိသေးတာကို မကြာခဏ ပြန်လေ့လာတာမျိုး ဖြစ်ပါတယ်။
ဥပမာ - Vocab အများကြီး ကျက်တယ်ဆိုပါစို့။ Flashcard ကို တစ်ဖက်မှာ စကားလုံးရေးပြီး တစ်ဖက်မှာ သူ့အဓိပ္ပါယ် ရေးထားပါ။ Box တွေကို ပုံထဲကလို စာပြန်ကြည့်မယ်အချိန် သတ်မှတ်ပြီး ခွဲထားပါ။ Flashcard တွေအားလုံး Box 1 ထဲထည့်ပြီး နေ့စဉ် လေ့လာပါ။ ကိုယ်မှတ်မိသွားတာတွေကို Box 2 ထဲရွှေ့ပါ။ အဲ့လို တစ်ဆင့်ချင်းသွားရင်း Box 5 အထိ တစ်လနေမှ တစ်ခါပဲ ပြန်လေ့ကျင့်တာမျိုး လုပ်ပါ။ မမှတ်မိသေးတဲ့စကားလုံးတွေကတော့ Box 1 ထဲမှာ ဆက်ရှိနေမှာဖြစ်ပြီး နေ့တိုင်း လေ့လာနေရပါမယ်။
၇။ Color-Coded Notes

Color-Coded Notes ဆိုတာ အရေးကြီးတဲ့အချက်တွေကို အရောင်ကွဲနဲ့ ခွဲခြားရေးခြင်း ဖြစ်ပါတယ်။ ဥပမာ - Definition ကို အနီ၊ Example ကို အပြာ၊ အရေးကြီးခေါင်းစဉ်တွေကို အဝါ စသဖြင့် ခွဲခြားထားခြင်းအားဖြင့် စာပြန်လုပ်တဲ့အချိန်မှာ နားလည်လွယ်ပြီး မှတ်မိလွယ်စေပါတယ်။ သတိထားဖို့က မြင်မြင်သမျှစာတွေကို Highlight လုပ်နေမယ်ဆိုရင်တော့ ပိုရှုပ်ထွေးသွားစေနိုင်ပါတယ်။
၈။ Mind Mapping

Mind Mapping ဆိုတာ Topic တစ်ခုကို Diagram ပုံစံနဲ့ ချိတ်ဆက်ရေးခြင်း ဖြစ်ပါတယ်။ Main idea ကို အလယ်မှာရေးပြီး Subtopics တွေ၊ Ideas တွေ၊ Main Words တွေကို အခွဲအဖြစ် ချဲ့ထွင်ရေးထားခြင်း ဖြစ်ပါတယ်။ Visual Learners တွေအတွက် အထူး သင့်တော်ပါတယ်။ မှတ်စုတွေကို ဒီတိုင်း ချရေးခြင်းထက် ပုံဖော်ထားခြင်းက မှတ်မိနိုင်စွမ်းကိုလည်း တိုးမြင့်စေသလို ကိုယ်ပိုင်အတွေးအခေါ်တွေကိုလည်း ရင့်သန်စေပါတယ်။
၉။ Dual Coding
ဒီစာလေ့လာနည်းကတော့ သိပ္ပံဘာသာရပ်၊ ပထဝီဘာသာရပ်တွေကို လေ့လာတဲ့အခါမှာ အသုံးဝင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပုံနှင့်စာကို ပေါင်းစပ်အသုံးပြုပြီး စာလေ့လာနည်းဖြစ်တာကြောင့် ကြာကြာမှတ်မိနိုင်ပါတယ်။ Charts၊ Diagrams နဲ့ Infographics စတဲ့ ပုံတွေကို ကြည့်ပြီး စာရှင်းလင်းချက်တွေကို ဖတ်တဲ့အခါမှာ ပိုပြီးလည်း နားလည်လွယ်ပြီး စာမြန်မြန်ရစေပါတယ်။
၁၀။ Pomodoro

Pomodoro Technique ဆိုတာ (၂၅) မိနစ် စာလုပ်ပြီး (၅) မိနစ်နားတဲ့ စာလေ့လာနည်းဖြစ်ပါတယ်။ ဒီ Cycle ကို ထပ်ခါထပ်ခါ လုပ်ခြင်းအားဖြင့် Focus တက်လာပြီး စိတ်ပင်ပန်းမှုကိုလည်း လျော့ချပေးပါတယ်။ စာအကြာကြီးလုပ်ဖို့ရှိတဲ့အခါမျိုးမှာ ဒီနည်းလမ်းက အလွန်အသုံးဝင်ပါတယ်။ Pomodoro (၄) ခါပြည့်ရင် (၁၅) မိနစ်ကနေ မိနစ် (၃၀) အထိ Long Break ယူပေးပါ။ အနားယူတဲ့အခါမှာလည်း ဖုန်းသုံးတာမျိုး မဟုတ်ဘဲ စိတ်ရောဦးနှောက်ကိုပါ အနားပေးပါ။
===================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။