နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားနေသောကျောင်းများ (နိုင်ငံတကာနှင့် ပြည်တွင်းပုဂ္ဂလိကကျောင်း) များမှ ပညာရေးဝန်ကြီးဌာနအောက်ရှိကျောင်းများ (အခြေခံပညာနှင့် ကိုယ်ပိုင်ကျောင်းများ) သို့ ပြောင်းရွှေ့လိုသူများသည် Placement Test ဖြေဆိုရန် လျှောက်လွှာများကို အခမဲ့ရယူလျှောက်ထားနိုင်သည်။
Placement Test ဖြေဆိုခွင့်လျှောက်လွှာများကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် မတ်လ (၂၅) ရက်မှစ၍ ဧပြီလ (၉) ရက်နေ့ (ရုံးချိန်အတွင်း) လျှောက်ထားနိုင်သည်။
Placement Test ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာမြို့များတွင် မေလ (၄) ရက်မှ (၁၁) ရက်အတွင်း (တနင်္ဂနွေမပါ) ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုမည့်အစီအစဉ်နှင့် အသေးစိတ်အချက်အလက်များကို လျှောက်လွှာတင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် စုံစမ်းနိုင်သည်။
လျှောက်ထားသူသည် တရားဝင်မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသော ကျောင်းများမှ ကျောင်းသားများဖြစ်ရမည်။ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးသို့ လျှောက်လွှာတင်သွင်းချိန်တွင် မိမိတက်ရောက်ခဲ့သော ကျောင်းသည် "တရားဝင်ခွင့်ပြုထားသည့်ကျောင်း" ဖြစ်ကြောင်း အထောက်အထားကို ပူးတွဲတင်ပြရမည်။
လျှောက်ထားသူသည် မိမိအောင်မြင်ပြီးခဲ့သော Level အရ တက်ရောက်သင်ကြားလိုသော အတန်း၏ တစ်ဆင့်နိမ့်အတန်း Placement Test ကို ဖြေဆိုရမည်ဖြစ်ပြီး အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို ဖြေဆိုရမည်။
လျှောက်ထားသူသည် မိမိတက်ရောက်ခဲ့သည့် ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်းအတွက် အောင်လက်မှတ် (မူရင်း) ကို တင်ပြနိုင်ရမည်။ ဖြေဆိုလိုသောအတန်းနှင့် ကျောင်းမွေးသက္ကရာဇ်အရ အသက် ကိုက်ညီမှုရှိရမည်။ မွေးသက္ကရာဇ်အတွက် မွေးစာရင်း (သို့) အသက်အတွက် ထောက်ခံချက် အိမ်ထောင်စုစာရင်း (မူရင်း) ပြ၍ မိတ္တူကို ပူးတွဲတင်ပေးရမည်။
ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သတ်မှတ်လျှောက်လွှာအတိုင်း ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်ပြီး ပြည့်စုံမှုမရှိသော လျှောက်လွှာများ၊ ဖြေဆိုခွင့်လျှောက်လွှာကို အချိန်မီမတင်နိုင်ခြင်းနှင့် Placement Test ကို သတ်မှတ်နေရာတွင် ဖြေဆိုနိုင်ခြင်းမရှိပါက ဖြေဆိုသူစာရင်းမှ ပယ်ဖျက်ခြင်းကို ခံရပါမည်။
Placement Test ဖြေဆိုသည့်နေ့ရက်များတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) ကိုသာ ဝတ်ဆင်ရမည်။
Source - အခြေခံပညာဦးစီးဌာန
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။