အသက် (၁၈) နှစ်ထဲက GED သင်ကြားပေးနေခဲ့တဲ့ လူငယ်ဆရာတစ်ဦးနဲ့ အမေးအဖြေ

မြန်မာနိုင်ငံက Demand အများဆုံး Course တစ်ခုဖြစ်တဲ့ GED ကို သင်ယူပြီး အသက်မွေးဝမ်းကျောင်း စတင်ခဲ့ပုံနဲ့ GED ဆရာတစ်ယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ ဆိုတာကို သိချင်ကြတဲ့သူတွေအတွက် လူငယ် GED ဆရာတစ်ယောက်နဲ့ အခုလို တွေ့ဆုံ  မေးမြန်းထားပါတယ်။   

ပထမဆုံးအနေနဲ့ နာမည်၊ အသက်နဲ့ လက်ရှိ သင်ပေးနေတဲ့ ကျောင်းရဲ့ နာမည်လေးကို မိတ်ဆက်ပေးပါဦးရှင်။

ဟုတ်ကဲ့၊ ကျွန်တော့်နာမည်က ထက်မြတ်ပါ။ ကျွန်တော့်အသက်က (၂၀) ရှိပါပြီခင်ဗျ။ ကျွန်တော် အခုလက်ရှိ Clean Canvas Acadia ဆိုတဲ့ ဝန်ကြီးများရုံးထဲက ကျောင်းမှာ စာသင်ပါတယ်။ နောက်ပြီးတော့ Online Class တွေလည်း အများကြီးသင်ဖြစ်တယ်ခင်ဗျ။

၁။ သင်ကြားရေးနယ်ပယ်တွေ အများကြီးထဲကမှ GED ကို ဘယ်လို ရွေးချယ်ဖြစ်ခဲ့တာလဲ?

သင်ကြားရေးနယ်ပယ်တွေထဲကမှ ကျွန်တော် GED ကို ရွေးဖြစ်ခဲ့ရတဲ့ အကြောင်းက ရိုးရှင်းပါတယ်။ ကျွန်တော်က GED တက်ပြီး အောင်မြင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် GED ကို နောက်ထပ်သင်ကြားလိုတဲ့ ကျောင်းသားတွေကိုလည်း ပြန်ပြီး သင်ကြားပေးဖို့ စိတ်ကူးရခဲ့တာခင်ဗျ။ 

၂။ GED ရဲ့ ဘယ်ဘာသာရပ်ကို သင်ကြားတာလဲ? ဘာလို့ ဒီဘာသာရပ်ကို ရွေးချယ်ဖြစ်တာလဲ?

အဓိကကတော့ GED ရဲ့ ဘာသာရပ်တစ်ခုအနေနဲ့ Social Studies ကို ကျွန်တော်က တော်တော်လေး စိတ်ဝင်စားတဲ့ ထဲမှာ ပါတယ်။  ဒီဘာသာရပ်ကို ကြိုက်တာမို့လို့ ဒီဘာသာရပ်ကိုတော့ ပိုပြီး အထူးပြု သင်ပေးဖြစ်ပါတယ်။

၃။ ကျောင်းမှာ အချိန်ပြည့် ဆရာလုပ်တာလား? အပြင်မှာ Freelance သဘောမျိုး သင်တာလား?

ကျောင်းမှာက Part-time တွေ သင်သလို အပြင်မှာလည်း Freelance တွေ သင်ပါတယ် ခင်ဗျ။ ကျွန်တော် ကျောင်းကို (၁) ပတ် (၃) ရက် သွားရပါတယ်။ ပြီးတော့ ကျွန်တော် Social Studies နဲ့ သက်ဆိုင်တာတွေ‌ ကျောင်းမှာ သင်ပေးရတယ်။ အပြင်မှာလည်း ကျွန်တော် Online ကနေ စာသင်သေးတယ်။ Online မှာ Freelance သင်သလို တခြား Organization နှစ်ခုနဲ့  ပေါင်းပြီးတော့လည်း GED Social Studies ကို သင်ကြားပေးတာ ရှိတယ်ခင်ဗျ။ 

၄။ ဒီအလုပ်လုပ်ဖို့ ဘယ်လိုတွေ စတင်ခဲ့ရလဲ? ဘာတွေ လေ့လာခဲ့ရလဲ? ဘယ်လောက်ထိ အတွေ့အကြုံ ယူခဲ့ရလဲ?

ကျွန်တော်က ကျောင်းဆရာလုပ်ဖို့ဆိုတာ ငယ်ငယ်တည်းက ရည်မှန်းချက်လည်း ပါတယ်ပေါ့နော်။ GED ကို စပြီး သင်ယူတည်းက ကျွန်တော်က ဒီ GED ကို (၃-၄) လနဲ့ အပြီးဖြတ်တယ်။ GED သင်ယူပြီးတော့ ကျွန်တော် ဆရာတစ်ယောက်အဖြစ်နဲ့ စာသင်ဖို့အတွက် Social Studies ဘက်ကို Focus ထားပြီး စာပြန်လုပ်တယ်။ အဓိကကတော့ ကျွန်တော်က Networking နည်းနည်းကျယ်တာလည်း ပါတယ်။ အစတည်းက ဆရာ/ဆရာမတွေနဲ့ ရင်းနှီးတာလည်း ပါတယ်။

နောက်ထပ်တစ်ခုကကျတော့ ကျွန်တော် ဒီ Social Studies ကို သင်တဲ့အခါမှာ အဓိက အတွေ့ကြုံရအောင်ရယ်၊ ကောင်းကောင်းလေး စာသင်နိုင်အောင်ရယ် ဆိုပြီး Diploma in Social Science ဆိုတဲ့ အတန်းကို ကျွန်တော် တက်လိုက်တယ်။ တက်ပြီးတော့မှ အဲ့လက်မှတ်လေးကို ရတဲ့အခါ ကျွန်တော် ဒီ Social Studies ကို စပြီး သင်ကြားပါတယ်။ 

စပြီး သင်တဲ့အခါမှာ ကျွန်တော်က ကျောင်းသားတွေကို ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးတော့ ကျောင်းသားတွေက‌ ကြိုက်ကြတယ်။ အဲ့လိုမျိုး စာစသင်တဲ့ အချိန်တုန်းကတော့ အခက်အခဲလေး နည်းနည်းရှိတယ်။ ဘယ်လိုအခက်ခဲလည်း ဆိုလို့ရှိရင်တော့ ကျွန်တော် စာတစ်ခါမှ မသင်ဖူးတဲ့အတွက် စသင်တဲ့အခါမှာ မသင်တတ်တာပေါ့ဗျာ။ 

ဒါပေမယ့် နောက်ပိုင်းကျတော့ (၁) လ၊ (၂) လလောက် အချိန်ပေးတဲ့အခါမှာ တဖြည်းဖြည်း ရသွားတယ်။ စသင်တဲ့အခါမှာ ကျွန်တော် ဘယ်က စရလဲဆိုတော့ Free Class သင်တာကနေ စရတယ်။ (၂) လလောက် GED Social Studies ကို Intensive Free Class ဆိုပြီး လူအယောက် (၃၀) လောက်ရှိတဲ့ အတန်းကို စသင်ခဲ့တယ်။ အဲ့အတန်းကနေ ကျွန်တော်နာမည်ကောင်း တော်တော်ရသွားတယ်။ အဲ့ဒီကနေစပြီး GED ဆရာတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ အခုဆိုရင် ကျွန်တော် GED ကို သင်လာတာ (၂) နှစ်လောက်ရှိပါပြီခင်ဗျ။

၅။ GED က (လူမှုရေး) နဲ့ မြန်မာအထက်တန်းက (လူမှုရေး) ဘာသာရပ်က ဘာတွေတူညီပြီး ဘာတွေ ကွာခြားလဲ? 

ကျွန်တော်တို့ ဒီ GED မှာလည်း Social Studies ရှိသလို မြန်မာစာအထက်တန်းမှာလည်း လူမှုရေးဘာသာဆိုတာ ရှိတယ်။ ဘာကွာခြားလဲဆိုတော့ ကျွန်တော်တို့ GED Social Studies မှာ Background Knowledge က အရေးကြီးလားဆိုတော့ ကြီးတော့ကြီးတယ်၊ ဒါပေမယ့် (၃၀) ရာခိုင်နှုန်းလောက်ပဲ အရေးကြီးတာ။ 

ကျွန်တော်တို့ ဖြေတဲ့အခါမှာ Read the passage ပုံစံနဲ့ စာပိုဒ်ပေးထားတယ်။ အဲ့စာပိုဒ်ကို ဘယ်လောက် Analysis လုပ်နိုင်လဲ၊ ဘယ်လောက် Conclusion ဆွဲနိုင်လဲ၊ ဘယ်လောက် နားလည်သ‌လဲဆိုတာကို Multiple Choice ဖြေရတာမျိုးပါ။ 

မြန်မာကျောင်းက လူမှုရေးဘာသာကျတော့ အဲ့လိုမဟုတ်ဘူး။ သူက Background Knowledge ပိုင်းကို ကျက်နိုင်လား ကျက်နိုင်တဲ့အပိုင်းကို (၁၀၀) ရာခိုင်နှုန်း သွားထားတယ်။ ကျွန်တော်တို့ စာမေးပွဲဖြေတဲ့အခါမှာ ဒါမျိုးကို ၏သည်မရွေး ရေးရတယ်ပေါ့နော်။

ဥပမာ ကျွန်တော်တို့ GED မှာ ဒုတိယကမ္ဘာစစ်အကြောင်းပါတယ် ဆိုလို့ရှိရင် စိတ်ထဲမှာ ဒုတိယကမ္ဘာစစ်ဆိုတာ ဘယ်လိုဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတာ သိရင်ရပြီ။ အတိအကျကြီး သိစရာမလိုဘူး။ စာမေးပွဲမှာ ပါလို့ရှိရင်လည်း စာပိုဒ်က ပေးထားပြီးတော့ Reading Skill ရယ်၊ Analysis Skill ရယ်ပေါင်းပြီးတော့‌ ဖြေရတာပါ။ 

မြန်မာကျောင်းမှာဆိုလို့ရှိရင်လည်း ဒုတိယကမ္ဘာစစ်ဆိုတာ လူမှုရေးထဲမှာ ပါတယ်။ အဲ့လိုပါတဲ့ဟာကို ငယ်ငယ်တုန်းကလို ဗာဆိုင်းစာချုပ်ပါ အချက်များ ဆိုပြီး ကျက်ရတယ်။ စာမေးပွဲမှာ မေးလာခဲ့လို့ရှိရင်လည်း ဗာဆိုင်းစာချုပ်ပါ အချက်များ ဆိုပြီး တည့်ကြီး ချရေးရတယ်ပေါ့နော်။ အဲ့တာတွေတော့ ကွာတယ်ခင်ဗျ။

၆။ ကျောင်းသားတွေကို ဘယ်လိုသင်ကြားရေးနည်းလမ်းတွေ သုံးပြီး သင်ပေးလဲ? ဘယ်လို Online Resource (သို့) Digital tools တွေ အသုံးပြုလဲ?

ကျောင်းသားတွေကို သင်ကြားပေးတဲ့အခါမှာ ကျွန်တော့် Technique က ကျောင်းသားတွေကို ပျော်ဖို့ သင်ကြားပေးတာ ဖြစ်တယ်ဗျ။ GED မှာ Science၊ RLA၊ Social Studies နဲ့ Maths ဆိုပြီး ဘာသာရပ် (၄) မျိုး ရှိပါတယ်။ 

သင်္ချာနဲ့ကလည်း ငယ်ငယ်လေးထဲက ထိတွေ့ပြီးသွားပြီ။ Science နဲ့ကလည်း ငယ်ငယ်ထဲက ထိတွေ့ဖူးတယ်။ ကျွန်တော်တို့ RLA လို့ ခေါ်တဲ့ English စာလည်း ငယ်ငယ်တည်းက ထိတွေ့ပြီးသွားပြီ။ ဒါပေမဲ့ Social Studies မှာပါတဲ့ Government Type တို့ လွှတ်တော်တို့ဆိုတာကျတော့ ငယ်ငယ်တည်းက မသိခဲ့ကြဘူး။ 

ပြီးတော့ ငယ်ငယ်တုန်းက သမိုင်းကို သင်တယ်ဆိုတာက ပျင်းစရာကြီးလို့ပဲ မြင်ကြတယ်။ အဲ့တာကြောင့် Social Studies ကို သင်တဲ့အခါမှာ ကျောင်းသားတွေကို မပျင်းအောင် ပျော်လည်းပျော်အောင် စာလည်း ရလာအောင် ဦးစားပေးပြီး သင်ဖြစ်တယ်။ 

အဲ့တာကြောင့် ကျွန်တော် စာသင်လို့ရှိရင် ဟာသလေးတွေပြောပြီး သင်ဖြစ်တယ်။ နဂိုတည်းက ကျွန်တော်က ပျော်ပျော်နေတတ်သူဆိုတော့ ကျွန်တော့အတွက်လည်း အဆင်ပြေပြီးတော့ ကျောင်းသားတွေကလည်း  တော်တော် ကြိုက်ကြတယ်ဗျ။ 

နောက်ထပ်တစ်ခုက ကျွန်တော်ဘယ်လိုမျိုး Tools တွေ သုံးလဲဆိုတော့ GED က ဖတ်စာအုပ် မရှိဘူးပေါ့။ လေ့ကျင့်လို့ရမယ့် စာအုပ်လေးတွေတော့ ရှိတယ်။ အဲ့ထဲက McGraw-Hill တို့ကနေ Social Studies ကို လေ့ကျင့်ဖို့ ဆိုပြီး ထုတ်ထားတဲ့ စာအုပ်လေးတွေ သင်တယ်။ 

တချို့ သမိုင်းအကြောင်းအရာတွေ ဥပမာ 9/11 Attack တို့ဆိုရင် ကျောင်းသားတွေကို YouTube ကနေ ဗီဒီယိုရှာပြပြီးတော့ သင်ကြားပေးလေ့ ရှိတယ်။ နောက်ပြီးတော့ Presentation တွေ လုပ်ခိုင်းတာပေါ့။ Social Studies မှာ အဓိက ကျောင်းသားတွေကို ကျွန်တော်က သင်တာထက်စာရင် သူတို့ဟာသူတို့ လေ့လာရတာမျိုး လုပ်ခိုင်းပါတယ်ဗျ။ နောက်ပြီးတော့ Presentation လုပ်တယ်ဆိုတာကလည်း လုပ်ငန်းခွင်ထဲဝင်ရင် ပြောရဲဆိုရဲအောင်လည်း လုပ်ပေးတာပါ။ မြန်မာကျောင်းသားတွေအနေနဲ့ သိပ်မပြောရဲဘူးပေါ့နော်။ အဲ့တာကြောင့် ပြောရဲလာအောင်လည်း Presentation Based သင်ကြားပါတယ်။ ကျန်တာတော့ သိပ်ထွေထွေထူးထူး မရှိပါဘူးဗျ။

၇။ GED ကျောင်းသားတစ်ယောက်အတွက် ဆရာက ဘယ်လောက်အထိ ပံ့ပိုးပေးရလဲ?

GED ကျောင်းသားအတွက် ဆရာက ဘယ်လောက်ပံ့ပိုးပေးရလဲ ဆိုလို့ရှိရင်တော့ ဆရာလို သဘောမျိုးတော့ ကိုယ့်ကိုယ်ကိုယ် မတွက်ထားပါဘူး။ ကျွန်တော်က သူတို့ကို Guide လုပ်ပေးရမယ်ပေါ့နော်။ ဘယ်လမ်းကြောင်းလျှောက် ဘယ်လိုလျှောက် ဆိုပြီး ပြောပြပေးတယ်။ သူတို့မသိတဲ့ Background Knowledge တွေ ကျွန်တော်ပြောပြပေးတယ်။

အဓိကကတော့ ကျွန်တော်ပြောပြပေးလို့ ရတာက ဒီစာမေးပွဲကို‌အောင်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုဖြေရမလဲ၊ စာမေးပွဲမှာ ပါမယ့် အကြောင်းအရာတွေက ဘာတွေလဲ၊ နောက်ပြီး ဒီ Background Knowledge တွေက ဘယ်လိုတွေရှိမလဲ အဲ့ဒါကို ကျွန်တော်က သင်ကြားပေးလို့ ရတယ်။ 

စာပိုဒ်ဖတ်တဲ့ Reading Skill ပိုင်းကိုလည်း ပြောပြပေးလို့ရတယ်။ ဘယ်လိုစာပိုဒ်မျိုး လာလို့ရှိရင် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖတ်ရတယ်၊ Conclusion ဘယ်လိုဆွဲရလဲ၊ Main Idea ဆို ဘယ်လိုမျိုးရှာရလဲ၊ Fact နဲ့ Opinion ဘယ်လိုကွဲပြားလဲ အဲ့လိုမျိုးတွေ ကျွန်တော် ပြောပြပေးလို့ ရတယ်။

ကျန်တာတော့ ကျောင်းသားတွေ လုပ်မှပဲ ရတာဗျ။ Self Study အားကောင်းရင် အားကောင်းသလောက် GED ပိုင်းဆိုင်ရာမှာ ကျောင်းသားတစ်ယောက်က တော်တော်လေး သာသွားမယ်ပေါ့နော်။ ကျွန်တော်အနေနဲ့ ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကျောင်းသားတွေပေါ်ကို ထောက်ပံ့ပေးနိုင်တာက (၂၀) ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ကျန်တဲ့ (၈၀) ရာခိုင်နှုန်းက ကျောင်းသားတွေဘာသာ အားထုတ်ရမှာပေါ့နော်။ ဒါကျွန်တော့်အမြင်သပ်သပ်မို့ တခြားဆရာတွေနဲ့ အမြင်ကွဲလွဲမှု ရှိနိုင်ပါတယ်။

၈။ အသက်သိပ်မကွာတဲ့ ကျောင်းသားတွေကို စာသင်ရတဲ့အခါ ဘယ်လို အခက်အခဲတွေရှိလဲ? ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲ?

အသက်သိပ်မကွာတဲ့ ကျောင်းသားတွေကို စာသင်ရတဲ့အခါမှာ အခက်ခဲတွေ ရှိလားဆိုတော့ ကျွန်တော် စစတုန်းကပေါ့နော် ပထမဆုံး‌ ကျောင်းကိုသွားပြီး ဆရာလုပ်ရတဲ့အချိန် နည်းနည်းလေး လန့်တာပေါ့ဗျာ။ အသက်ကလည်း သိပ်မကွာဘူး။ ကျွန်တော်က ခန္ဓာကိုယ်ကလည်း သေးတဲ့ထဲပါတော့ ထွားထွားကြိုင်းကြိုင်းကြီးတွေနဲ့တွေ့ရတော့ စိတ်ထဲမှာ Nervous ဖြစ်တယ်၊ လန့်တာမျိုးတွေရှိတယ်။

နောက်ပိုင်းမှာတော့ သင်ရင်းသင်ရင်း အဲ့လိုမျိုး မရှိတော့ဘူး။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ကျောင်းသားတွေဘက်ကလည်း အသက်သိပ်မကွာတဲ့သူဆိုတော့ ဆရာဆိုတာထက် သူငယ်ချင်းလို ပေါင်းတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ နောက်တာပြောင်တာမျိုးတွေ ရှိတယ်။ ဒါတော့ ကျွန်တော် အခက်အခဲလို့ မမြင်ဘူးဗျ။ ဘာလို့ဆို ကျွန်တော်က နဂိုကလည်း ပျော်ပျော်နေတဲ့ထဲမှာ ပါတယ်ပေါ့နော်။ အဲ့လို သူငယ်ချင်းလိုပဲ ပေါင်းပြီး စာသင်ဖြစ်ပါတယ်။

ဒါကို တချို့လူငယ်ကျောင်းဆရာတွေအတွက်ကတော့ အခက်အခဲလို့ မြင်လိမ့်မယ်။ ကျွန်တော်ကတော့ အဲ့လိုမျိုး ဟိတ်ဟန်ကြီးနဲ့ နေလေ့နေထတော့ မရှိဘူး။ ကျောင်းသားတွေ သူငယ်ချင်းလို ပေါင်းလည်းပေါင်း ဘယ်လိုပဲပြောပြော ကျွန်တော်က နားလည်ပေးထားတယ်။ 

၉။ GED ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်လိုတဲ့ ဆရာအသစ်တွေကို ဘယ်လို အကြံဉာဏ်တွေ ပေးချင်လဲ?

GED သင်ပေးချင်တဲ့ တခြားဆရာ၊ ဆရာမတွေကို အကြံပေးရမယ်ဆိုရင် လုပ်ကြည့်ပါ ပျော်ဖို့ကောင်းပါတယ်။ ဆရာအလုပ်ကို ဝါသနာပါလို့ရှိရင် ကျွန်တော်တို့ လုပ်ကိုင်သင့်တဲ့ အရာထဲမှာ ပါတယ်။ 

နောက်ပြီးတော့ ပထမဦးဆုံး စလုပ်တဲ့အခါမှာ Fees ကိစ္စကို ကျွန်တော်တို့ အဲ့လောက် မကြည့်သင့်ဘူး။ ဒီတိုင်း Experience ရအောင် လုပ်လို့ရှိရင် ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ Honorarium က သူ့ဟာသူ တိုးရင်တိုးလာလိမ့်မယ်။ 

အဲ့လိုပဲ ကျွန်တော်က ဒီအလုပ်ကို ပိုက်ဆံရလို့ လုပ်တာမဟုတ်ဘူး။ ငယ်ငယ်လေးတည်းက စာသင်ရတာ ဝါသနာပါတဲ့အတွက်ကြောင့် ပျော်လို့ လုပ်တာပါ။ ကျောင်းသားတွေကို စာသင်ရတာ ပျော်တယ်ဆိုတော့ ပျော်တဲ့နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ ဒါကြောင့် ကိုယ်ပျော်တဲ့အရာကိုသာ လုပ်ပါလို့ အကြံပြုပါတယ်။ 

၁၀။ ထပ်မံဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးလို့ ရပါတယ်ရှင့်။ 

ကျေးဇူးတင်ပါတယ်၊ ဒါပါပဲခင်ဗျ။ စကားကြွင်းအနေနဲ့ ဆရာလုပ်ရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့တော့ ပင်ပန်းရတာလေးတွေလည်း ရှိပါတယ်ဗျ။ 

High Interview Latest Post Read 24 times