Sales Hotline : 09448001653       Download App



ကျောင်းတက်ရင်း အလုပ်ပါရမယ့် ဂျာမနီမှ Free Vocational Training

 

 

နိုင်ငံတကာမှ လျှောက်ထားနိုင်တဲ့ သက်မွေးဝမ်းကျောင်းသင်တန်း (Vocational Training Program) တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ အသက်ကန့်သတ်ချက်မရှိတဲ့ အပြင် ဂျာမနီနိုင်ငံမှာ ပညာသင်စရိတ် FREE နဲ့ တက်ရောက်လို့ရပြီး အလုပ်ပါလုပ်လို့ရမယ့် အခွင့်အလမ်းတစ်ခုပါ။

 

ကျောင်းတက်ရမယ်ဆိုပေမယ့် တက္ကသိုလ်တက်ရသလိုမျိုး (Undergraduate, Post Graduate Programs) တွေကို တက်ရောက်ရမှာ မဟုတ်ပါဘူး။ Vocational Training ကျောင်းတွေမှာ တက်ရောက်ရမှာပါ။ သက်မွေးဝမ်းကျောင်းတွင် ၅၀ ရာခိုင်နှုန်း ၊ သင်တန်းသားများကို လုပ်ခလစာပေးပြီး အလုပ်ခန့်အပ်မယ့် ကုမ္ပဏီမှာ ၅၀ရာခိုင်နှုန်းသော အချိန်နဲ့ တက်ရောက်ရမယ့် ပုံစံမျိုးပါ။ 


 

ဘယ်လိုပညာရပ်တွေ လျှောက်ထားနိုင်သလဲ

 

ဘယ်လိုသက်မွေးဝမ်းကျောင်းပညာရပ်မျိုးကို သင်ယူရမှာလဲဆိုတော့ ရွေးချယ်စရာ အမျိုးအစား ၃၀၀ လောက်ရှိပါတယ်။ Significant ဖြစ်တာကတော့ လျှပ်စစ်ပညာရှင်၊ ရေပိုက်သမား၊ အိုင်တီကျွမ်းကျင်သူ၊ ရောင်းချသူ၊ ဆောက်လုပ်ရေး၊ ကားစက်ပြင်သူ၊ လယ်သမား၊ ဆေးဘက်ဆိုင်ရာ လက်ထောက်၊ သူနာပြု၊ အတွင်းရေးမှူ စတဲ့ ပညာရပ်များပဲ ဖြစ်ပါတယ်။ တစ်ချို့အလုပ်အကိုင် အမျိုးအစားတွေကတော့ အမျိုးသမီး၊ အမျိုးသား ရွေးချယ်ဦးစားပေးတာမျိုးတွေ ရှိပါတယ်။ 

 

သင်ယူနိုင်တဲ့ သက်မွေးဝမ်းကျောင်းပညာရပ်ပေါင်း အမျိုးအစား (၃၀၀) ကို အောက်ဖော်ပြပါ လင့်ခ်မှာ ကြည့်လို့ရပါတယ်။

>>> https://bit.ly/3dh3ttS

 

လျှောက်ထားနိုင်တဲ့နိုင်ငံ နဲ့ အသက်အပိုင်းအခြား

 

ဒီဂျာမနီကအလုပ်သင်ကျောင်းတက်အခွင့်အရေးကတော့ ဘယ်နိုင်ငံကမဆို လျှောက်ထားနိုင်ပါတယ်။ပုံမှန် လျှောက်ထားလေ့ရှိတဲ့ အသက်အရွယ်အပိုင်းအခြားကတော့ အသက် ၃၀ အောက် အများစုမှာ ၁၆ နှစ်မှ ၂၅ နှစ်အတွင်းပဲဖြစ်ကြပါတယ်။ 

 

ဒါပေမဲ့လည်း ထူးခြားတာက သက်ကြီးပိုင်း ( ၄၀ ဝန်းကျင် ) တွေပါ လျှောက်ထားနိုင်တာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် သူနာပြုလုပ်ငန်းမျိုးမှာ သက်ကြီးပိုင်းတွေကို အများဆုံး တွေ့ရှိရပါတယ်။ 

 

ပညာအရည်အချင်း သတ်မှတ်ချက်

 

တစ်ခုရှိတာကတော့ အခြေခံအားဖြင့် ဂျာမန်ဘာသာစကားကို B1 အဆင့် အောင်မြင်ထားသူဖြစ်ရပါမယ်။ ဘယ်ကျောင်း၊ ဘယ် Certificate မှ လက်ခံမယ်ဆိုပြီး မပြောထားပါဘူး။ အင်တာဗျူး နဲ့ ဗီဇာ လျှောက်တဲ့နေရာမှာပဲ ကျွမ်းကျင်မှုကို စစ်ဆေးမှာပါ။ ဘာသာစကားပိုင်းတက်မြောက်မှုကောင်းလေလေ အလုပ်ရနိုင်ချေ အခွင့်အလမ်းပိုများလေလေပါ။ 


ပညာရေးပိုင်းအားဖြင့်ဆိုရင်တော့ ဂျာမနီနိုင်ငံမှ ၉ တန်းအောင်ပညာရေးပြီးမြောက်ထားသူ မြန်မာနိုင်ငံဆိုရင်တော့ အခြေခံပညာအထက်တန်းအောင် ပြီးမြောက်ထားသူများ လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင် အလုပ်လျှောက်ထားမှုအတွက် ကိုယ်လျှောက်မယ့် နယ်ပယ်မှာ အတွေ့အကြုံရှိထားရန် မလိုအပ်ပါဘူး။ သင်တန်းမှာ တစ်ခါတည်း အလုပ်နဲ့ တွဲသင်သွားမှာပါ။

 

အလုပ်ရနိုင်ချေ ရှိ/မရှိ

 

အလုပ်ရနိုင်ချေများလားဆို “Yes” လို့ပဲပြောရမှာပါ။ တစ်နှစ်ကို Job Position ပေါင်း ၅သိန်းဝန်းကျင်ခေါ်ယူပြီး လက်မှုပညာ၊ သူနာပြု၊ နည်းပညာ နဲ့ အခြားသောဝန်ဆောင်မှု လုပ်ငန်းများမှာ လျှောက်ထားမှု သတ်မှတ်ဦးရေတောင် မပြည့်တဲ့အတွက် နိုင်ငံခြားသားများ အနေနဲ့ရာထူးရနိုင်ဖို့ အခွင့်အလမ်းတွေပါရှိပါတယ်။

 

ဘယ်နှစ်နှစ်တက်ရောက်ရမှာလဲ

 

Vocational Training Duration  ကတော့ ပုံမှန်အားဖြင့် ၂ နှစ်မှ ၄ အထိတက်ရောက်ရပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ပညာရပ်ပေါ်မှာမူတည်ပြီး တက်ရောက်ရမယ့် ကာလကွဲသွားနိုင်ပါတယ်။ ကြာချိန်ရဲ့ ၅၀ ရာခိုင်နှုန်းက လုပ်ငန်းခွင်မှာ လက်တွေ့ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းက ကျောင်းတက်ရမှာပါ။ 

 

လုပ်ခလစာ နှင့် အခြားထောက်ပံ့ကြေးများ

 

ပုံမှန် Apprenticeship (အလုပ်သင်) အနေနဲ့ တစ်လကို ယူရို ၈၀၀ မှ ၁၂၀၀ ကြားပေးပါတယ်။ ဒါ့အပြင် အပိုဝင်ငွေရအောင် တစ်ပတ် ၁၀ နာရီအလုပ်လုပ်ခွင့်လည်း ထပ်ပြီးတော့ရရှိမှာပါ ။ကုမ္ပဏီအခြေအနေပေါ်မူတည်ပြီးလည်း အလုပ်ရှင်ကောင်းရင် ကောင်းသလို ကုမ္ပဏီဘက်က ခရီးစရိတ်(Transportation Charges) နဲ့ နေထိုင်စရိတ်ထောက်ပံ့တာမျိုးတွေလည်း ရှိပါတယ်။

 

လစာနှုန်းထားက အလုပ်ရှင်ဘက်က အလုပ်စာချုပ်ကို သက်တမ်းတိုး/မတိုးရယ် သင့်ရဲ့ CV ပေါ်ရယ်လည်း မူတည်ပါတယ်။ တကယ်လို့ သင်က Vocational Training တက်ရောက်ခြင်းကို ပြီးမြောက်အောင်မြင်သွားပြီဆိုရင်တော့ တစ်လကို ယူရို ၂၄၀၀ မှ ၃၅၀၀ ကြားရရှိနိုင်ပါတယ်။ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ requirement တွေနဲ့ပြည့်မှီရင် နိုင်ငံသားခံယူခွင့် (Permanent Resident) လည်း လျှောက်လို့ရပါတယ်။

 

သွားဖို့အတွက် ကုန်ကျစရိတ်ဘာတွေရှိမှာလဲ

 

Resident Permit လျှောက်ထားရပါမယ်။ Resident Permit လျှောက်ရင် စားဝတ်နေရေးအတွက် သက်သေအထောက်အထား ( Vocational Training income) ကို အဓိက တင်ပြရမှာပါ။ ကိုယ့် မွေးရပ်နိုင်ငံက Bank Statement ကိုတော့ Show Money အနေနဲ့ ပြကောင်းပြရနိုင်ပါတယ်။ မဖြစ်မနေမဟုတ်ပါဘူး၊ လိုအပ်ရင်တော့ပြရမှာပါ။ တစ်ခြားကုန်ကျစရိတ်ကတော့ ဗီဇာလျှောက်တာ၊ လေယာဥ်လက်မှတ်ဝယ်တာ၊ ကျန်းမာရေးအာမခံဝယ်ရတာတွေ ရှိပါမယ်။ 

 

လေယာဥ်လက်မှတ်ဆို Air-Ticket အရောင်းဌာန၊ Visa ဆို Germany Embassy၊ Resident Permit ဆို Immigration စတဲ့ သက်ဆိုင်ရာ နေရာတွေမှာ စုံစမ်းကြည့်နိုင်ပါတယ်။ Visa လျှောက်ထားတဲ့ နေရာမှာ သတိပြုရမှာက မြန်မာနိုင်ငံရဲ့ Germany Embassy မှာ Vocational Training အတွက် Student Visa ထုတ်ပေး၊မပေးပါ။ မရဘူးဆိုရင် ထိုင်းမှတစ်ဆင့်လျှောက်ထားရမှာပါ။

 

ဘယ်လိုလျှောက်ထားရမှာလဲ

 

ပထမအဆင့်အနေနဲ့ ဂျာမန်ဘာသာစကား အရင်သင်ရပါမယ်။ သတ်မှတ်ချက်ကတော့ အနိမ့်ဆုံး B1 အဆင့် အောင်မြင်ထားသူဖြစ်ရမယ်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ ဘာသာစကားကျွမ်းလေလေ အခွင့်အရေး ပိုများလေပါပဲ။ အလုပ်က နှစ်တိုင်းခေါ်ပါတယ်။ ဒီနှစ်မရရင် နောက်နှစ်လျှောက်လို့ရပါတယ်။ ဒါကြောင့် ဘာသာစကားကိုတော့ ဦးစားပေး သင်စေချင်ပါတယ်။

 

ကျောင်းတက်ဖို့ကို အရင်ဆုံး Vocational Training နဲ့ ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာ အလုပ်လျှောက်ရပါမယ်။ အလုပ်ကို ဘယ်လိုရှာရမလဲဆိုတော့ အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် ဝင်ရှာလို့ရပါတယ်။ လျှောက်ထားလို့ရတဲ့ အလုပ်အကိုင်များစွာ ရှာဖွေနိုင်ပါတယ်။

 

အလုပ်ရှာရန်လင့်ခ် >>> https://bit.ly/3BRa9bH အလုပ်လျှောက်ထားမှုအတွက် အေးဂျင့်မလိုပါဘူး။ ကိုယ်တိုင်လျှောက်ထားလို့ရပါတယ်။ 

 

ဒါဆိုရင်တော့ လျှောက်ထားမှုအတွက် တော်တော်လေးပြည့်စုံသွားပြီလို့ထင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကိုယ်တိုင်ဝင်ရောက်လေ့လာချင်တယ်ဆိုရင်တော့ Official Website   https://en.life-in-germany.de/   ရဲ့ အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်။ 

> https://bit.ly/3BHgrdL

 

ဖော်ပြပါလင့်ခ်ကလည်း Message ပို့ပြီး တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

> https://en.life-in-germany.de/contacts/

 

International News Vocational Read 3263 times