Sales Hotline : 09448001653       Download App



ပြီးပြည့်စုံတဲ့ Cover Letter တစ်စောင်ဖြစ်အောင် ဘယ်လိုရေးကြမလဲ

 

 

အခုခေတ် လူငယ်တွေ လုပ်ငန်းခွင်ဝင်ကြတဲ့အခါ၊ အလုပ်လျှောက်ကြတဲ့အခါမှာ NGO အလုပ်တွေသာမကအပြင်လုပ်ငန်းကုမ္ပဏီတော်တော်များများကလည်းမိမိတို့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်း (CV) အပြင် Cover Letter ပါတောင်းခံလာတာကို တွေ့ရှိကြရမှာပါ။

 

တစ်ချို့ကလည်း Cover Letter ကို Motivation Letter, Application Letter လို့လဲသုံးနှုန်းခေါ်ဝေါ်ကြပါတယ်။ဒီတစ်ခေါက်မှာတော့ အလုပ်လျှောက်တဲ့အခါမှာ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့အတွက် ပြီးပြည့်စုံတဲ့ Cover Letter တစ်စောင်ဘယ်လိုရေးရမလဲ ဘာတွေလိုအပ်မလဲဆိုတာ ရေးသားဖော်ပြပေးလိုက်ပါတယ်။

 

Cover Letter ဆိုတာဘာလဲ

==============

 

အစိုးရအလုပ်/ရုံးတွေမှာဆိုရင် အစီရင်ခံစာ၊ အကြောင်းအရာတစ်ခုခုကို တင်ပြတဲ့အခါ ဒီအတိုင်း တင်လို့မရပါဘူး အစီရင်ခံစာတစ်စောင်ရဲ့ အပေါ်မှာ အပေါ်စာဆိုတာ အမြဲပါပါတယ်။ ဆိုလိုချင်တာက အစီရင်ခံစာထဲမှာ ဘာအကြောင်းအရာတွေပါတယ်၊ ဘာလို့ဒီအစီရင်ခံစာကို တင်တယ် စတဲ့ အကြောင်းအရာတွေကို အတိုချုပ်ရေးပြီး လေးစားသမှုနဲ့ တင်ပြတဲ့ စာကိုပြောတာပါ။ ဒါကို အပေါ်စာလို့ခေါ်ပါတယ်။ 

ထိုနည်းအတိုင်းပါပဲ အလုပ်လျှောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့ CV ကိုဒီအတိုင်းကြီး တင်ပေးလိုက်တာထက် ကိုယ်ဘာဖြစ်လို့ ဒီအလုပ်ကိုလျှောက်တယ် ဒီအလုပ်အပေါ်မှာ ဘယ်လောက်စိတ်ဝင်စားမှုရှိတယ်၊ ဒီ ရာထူးက ကိုယ့်အတွက် ဘယ်လိုသင့်တော်တယ် စတဲ့အကြောင်းအရာအချက်အလက်တွေကို အကျဉ်းချုပ်သဘောမျိုးရေးသားပြီး CV နဲ့အတူ ပူးတွဲတင်ပေးလိုက်တာက ကိုယ့်ရဲ့ အလုပ်လျှောက်ထားမှုအပေါ်မှာ ပိုပြီး အထင်ကြီးစေပါတယ်။ ဒါကို Cover Letter လို့ခေါ်ပါတယ်။


 

 

Cover Letter မှာ ဘာတွေပါရမလဲ

==================

 

  • လက်ခံမည့်သူ

  • နေ့စွဲ

  • အကြောင်းအရာ

  • နိဒါန်း

  • စာကိုယ်

  • နိဂုံး

  • မိမိအမည်


 

လက်ခံမည့်သူ

=========

အလုပ်ခေါ်စာအများရဲ့ အောက်ဆုံးမှာ လိပ်မူပြီး ပို့ရမည့်သူ နာမည်၊ရာထူး စတာတွေပါပါတယ်။ တစ်ချို့ အလုပ်ခေါ်စာတွေမှာလည်း လိပ်မူပို့ရမယ့် ရာထူးပဲပါပြီး နာမည်မပါတာမျိုးတွေရှိတတ်ပါတယ်။ အများစုကတော့ ရာထူး၊ ရုံးအမည်၊ ရုံးလိပ်စာ၊ အီးမေးလ်လိပ်စာတွေ ပါရှိတတ်ကြပါတယ်။ ဒါကြောင့် အလုပ်ခေါ်စာကို သေချာလေး ဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။ အလုပ်ခေါ်စာပေါ်မှာမူတည်ပြီး Cover Letter မှာ လက်ခံမည့်သူကို ထည့်သွင်းရမှာပါ။

 

နေ့စွဲ

===

နေ့စွဲကတော့ ကိုယ်အလုပ်လျှောက်လွှာပို့မယ့်နေ့ကိုပဲ ထည့်ရေးရမှာပါ။


 

အကြောင်းအရာ

=========

အကြောင်းအရာမှာတော့ ကိုယ်အလုပ်လျှောက်မယ့် အကြောင်းကို အဓိကထည့်ရေးဖို့လိုပါမယ်။ နောက် ဒီအလုပ်က ဘယ်ကခေါ်ထားတာလဲ ဘယ်မြို့၊ ဘယ်ဒေသ၊ ဘယ်တိုင်းကခေါ်တာလဲပါထည့်ပေးရပါမယ်။ တစ်ချို့အလုပ်ခေါ်စာတွေ၊ များသောအားဖြင့် NGO အလုပ်ခေါ်စာတွေမှာဆို အလုပ်ခေါ်စာ အမှတ်ဆိုတာ ပါပါတယ်။ အကြောင်းအရာထဲမှာ ထို အလုပ်ခေါ်စာအမှတ်ကို မဖြစ်မနေ ပြန်ထည့်ပေးဖို့လိုအပ်ပါတယ်။ 

 

နိဒါန်း

====

နိဒါန်းမှာဆိုရင်တော့ စာတွေစရေးရပါတော့မယ်။ အပေါ်က အကြောင်းအရာမှာ ပြောခဲ့သလိုပဲ ဘယ်ရာထူးကို လျှောက်ချင်တာ ဘယ်နေရာမှာခေါ်နေတဲ့အလုပ်ကိုလျှောက်ချင်တာ နောက်ဒီအလုပ်ခေါ်စာကို ဘယ်နေရာကနေ ခေါ်တာတွေ့လို့ လျှောက်ဖြစ်တာဆိုတာတွေကို ရေးသားဖော်ပြပေးရပါမယ်။

 

စာကိုယ်

=====

စာကိုယ်မှာဆိုရင်တော့ကိုယ့်အကြောင်းကိုယ်မိတ်ဆက်တာထည့်ရေးရပါမယ်။ မိမိရဲ့ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံအကျဉ်းချုပ်၊ လုပ်ငန်းအတွေ့အကြုံနေရာမှာ အသေးစိတ်ဖော်ပြပေးဖို့မလိုပါဘူး။ အသေးစိတ်က CVမှာပဲဖော်ပြပေးရမှာပါ။

နောက်ပြီးတော့ ကိုယ်က ဘာကြောင့်ဒီအလုပ်ကို စိတ်ဝင်စားတယ်၊ ဒီအဖွဲ့အစည်းကို စိတ်ဝင်စားတယ်၊ ဒီအလုပ်က ကိုယ်နဲ့ဘာကြောင့် သင့်တော်တာလဲ၊ ဘယ်အကြောင်းအရာကြောင့် ကိုယ့်ကို ဒီအလုပ်ခန့်သင့်တာလဲ စတဲံ့အကြောင်းအရာတွေကို ရေးသားဖော်ပြပေးဖို့ လိုပါတယ်။ အများကြီးရေးဖို့မလိုပါဘူး။ နှစ်ပိုဒ်၊ သုံးပိုဒ် လောက်တဲ့ ကိုယ့်အကြောင်းကို အချိန်ခဏအတွင်းမှာ သိသွားစေဖို့ ထိထိမိမိရေးသားဖို့ပဲ လိုပါတယ်။ 

 

နိဂုံး

==

နိဂုံးမှာဆိုရင်တော့ မိမိရဲ့အကြောင်းကို အသေးစိတ်သိရှိဖို့အတွက် ပူးတွဲပါ CV မှာကြည့်ပေးရန်၊ အင်တာဗျူးခေါ်မယ်ဆို မိမိဘက်မှ အဆင်သင့်ရှိကြောင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် နဲ့ အီးမေးလ်၊ မိမိရဲ့စာကို အချိန်ပေးပြီး ဖတ်တဲ့အတွက်/စဥ်းစားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း စသည်တို့ကို ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ 

 

မိမိအမည်

======

နောက်ဆုံးအနေကတော့ ကိုယ့်ရဲ့နာမည်ကိုရေးရပါမယ်။ ပြီးရင် လေးစာစွာဖြင့်၊ အမည် နဲ့ လက်မှတ်ကိုပါ ထည့်ပေးရပါမယ်။ လက်မှတ်ကတော့ မထည့်ချင်လည်း ရပါတယ်။ 



ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ Cover Letter တစ်စောင်ဖြစ်သွားပြီပါပြီ။  Education Guide ရဲ့ စာဖတ် ပရိသတ်ကြီးလည်း အလုပ်လျှောက်တဲ့ အခါများမှာ အဆင်ဆင်ပြေပြေဖြစ်စေဖို့ရာ ရည်ရွယ်ရင်း ရေးသားလိုက်ရပါတယ်။

 

Refer to NGO Jobs in Myanmar ( Cover Letter ရေးသားနည်း)

 

Knowledge Latest Post Read 737 times