ပညာသင်နှစ် (၅) နှစ်တာအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူ (၅) သန်းခန့်ရှိ

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့သူ လူဦးရေ (၅) သန်းခန့်ရှိကြောင်း အောက်တိုဘာ (၂၈) ရက်နေ့တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတဆင့် သိရသည်။ 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ (၂၈) ရက်နေ့၊ နေပြည်တော်တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီဥက္ကဌနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ များစွာရှိပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လူဦးရေ (၅) သန်းခန့်ရှိကြောင်း စစ်ကောင်စီဥက္ကဌက ပြောကြားခဲ့သည်။ 

ထိုသို့ စာမေးပွဲ ကျရှုံးသူများကို နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်းနှင့် အသက် (၂၅) နှစ်အထက် လူဦးရေ၏ (၄၆) ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ထည်သွင်း ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ပြီး ပညာရေးအားကောင်းလာမှသာလျှင် လူသားအရင်းအမြစ်ကောင်းများကိုလည်း ရရှိနိုင်မည်ဟု ၎င်းက ဆိုသည်။

အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများ ရှိနေသောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင် အထက်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်နိုင်ရေးအား စီမံဆောင်ရွက်ခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများနှင့် ကွန်ပြူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလာဒ်များကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုး၊ မွေးမြူရေးနယ်ပယ်နှင့် စက်မှု၊ နည်းပညာနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

Source - Myanmar National Portal

Latest Post Local News Read 29 times