၂၀၂၅ ခုနှစ် ကမ္ဘာ့စက်ရုပ်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကျောင်းသားအဖွဲ့က ပထမဆုရရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သော World Robot Olympiad Asia Pacific Open Championship 2025 ကမ္ဘာ့စက်ရုပ် အိုလံပစ် အာရှပစိဖိတ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် "We are Genius" အဖွဲ့မှ ပထမဆုရရှိခဲ့ကြောင်း သိရသည်။ 

World Robot Olympiad Myanmar မှ National Organizer အဖြစ် တာဝန်ယူပြီး ဩဂုတ်လ (၃၁) ရက်နေ့တွင် နိုင်ငံတော်အဆင့်ပြိုင်ပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲမှ အနိုင်ရသော လက်ရွေးစင် National Team (၃) ဖွဲ့ကို ဖိလစ်ပိုင်နိုင်ငံသို့ ရွေးချယ်စေလွှတ် ယှဉ်ပြိုင်စေခဲ့ရာ မြန်မာကျောင်းသား (၃) ယောက်ဖြင့် ဖွဲ့စည်းထားသော "We are Genius" အဖွဲ့က AI စက်ရုပ်ကား ဖန်တီးမှုဖြင့် ပထမဆု ရရှိခဲ့သည်။ 

"We are Genius" အဖွဲ့တွင် အသက် (၁၁) နှစ်အရွယ် ကျောင်းသား (၂) ယောက်နှင့် အသက် (၁၂) နှစ်အရွယ် ကျောင်းသား (၁) ယောက်တို့ ပါဝင်ပါသည်။ ၎င်းတို့ ဖန်တီးခဲ့သော AI စက်ရုပ်ကားသည် သဘာ၀ဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့်အခါ လူသွားရန် ခက်ခဲ့သောနေရာများတွင် အလိုအလျောက် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် တီထွင်ဖန်တီးခဲ့သည်ဟု သိရသည်။ 

မြန်မာနိုင်ငံတွင် အပြင်းအထန်လှုပ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လူအများအပြား သေဆုံးခဲ့ရသည့်အတွက် လူ့အသက်ကို အချိန်မီကယ်ဆယ်နိုင်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့သောကြောင့် ယခုလို ပထမဆု ဆွတ်ခူးနိုင်ခဲ့သလို မြန်မာပြည်သူလူထု၏ တစ်ခဲနက်အားပေးမှုကိုလည်း ရရှိခဲ့ကြပါသည်။ 

WRO Open Championship ဆိုတာ Asia-Pacific ဒေသနိုင်ငံများအတွက် Robotics စွမ်းရည်တွေကို ချပြနိုင်မည့် ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သည်။ 

၂၀၂၅ ခုနှစ် WRO ပြိုင်ပွဲကို စက်တင်ဘာ (၁၈) ရက်မှ (၂၁) ရက်အထိ မနီလာမြို့တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲခေါင်းစဉ်ကတော့ The Future of Robots ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြသနာများနှင့် နေ့စဉ်လှုပ်ရှားမှုများတွင် AI သည် မည်မျှအသုံးဝင်သည်ကို ချပြရသည့်ပွဲဖြစ်သည်။ 

ယခုနှစ်တွင် နိုင်ငံပေါင်း (၂၅) နိုင်ငံကနေ အဖွဲ့ပေါင်း (၁၆၀) ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုအမျိုးအစားပေါင်း (၂၀) ပေးအပ်ချီးမြှင့်ခဲ့ပြီး "We Are Genius" အဖွဲ့က အငယ်တန်းအဆင့်တွင် ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Local News Read 29 times