တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရန် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ (၃) ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်ခြောက်ခုနှင့် မန္တလေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ Skilled Labour သင်တန်းများ ဖွင့်လှစ်နိုင်ရေး အကြံပြု ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များက မိမိနိုင်ငံ၊ မိမိဒေသအကျိုးပြု အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ Job-Ready Skills သင်တန်းများ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များကို ဓာတ်ခွဲခန်း Lab-Scale အဆင့် ထုတ်လုပ်နည်းသင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်မည့် စီမံချက်ကို ရှင်းလင်းပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန