စိုက်/မွေးတက္ကသိုလ် (မအူပင်) တွင် နှစ်စဉ် စိုက်/မွေးပညာရှင် (၃၀၀) ဦးစီ မွေးထုတ်မည်

ဧရာဝတီတိုင်း၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) အား နိုဝင်ဘာ (၂၃) ရက် နံနက်ပိုင်းက ဖွင့်ပွဲကျင်းပ၍ စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေနိုင်ရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်သည်။

၂၀၂၁ ခုနှစ်မှ စတင်ပြီး စိုက်ပျိုး/မွေးမြူရေးဘွဲ့ရ ပညာရှင်များ၊ အလယ်အလတ်အဆင့် စိုက်ပျိုး/မွေးမြူရေး ဒီပလိုမာလက်မှတ်ရပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်အဆင့်ရှိ အသိမှတ်ပြုလက်မှတ်ရပညာရှင်များ ပိုမို မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၈၉) ကျောင်း၊ ရှိရင်း စိုက်ပျိုးရေး သိပ္ပံ (၁၅) ကျောင်းမှ မွေးမြူရေးဘာသာရပ်ပါ သင်ကြားပေးနိုင်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံအဖြစ် ကျောင်း (၉) ကျောင်းကို တိုးချဲဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ပြင် ငါးလုပ်ငန်းသိပွံ (တွံ့တေး) ကျောင်း (၁) ကျောင်းနှင့် တိရစ္ဆာန်ဆေးကုသရေးသိပ္ပံ (၁) ကျောင်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံ လူစွမ်းအားအရင်းအမြစ်ကို ယခင်ကထက် စုစုပေါင်း (၈,၃၅၂) ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့သည်။

ယခုဖွင့်လှစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ကနေလည်း နှစ်စဉ် စိုက်ပျိုးမွေးမြူရေးပညာရှင် (၃၀၀) ဦးစီ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တက္ကသိုလ်ကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်းတက္ကသိုလ် ဖြစ်လာစေရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

Local News Read 24 times