အလုပ်အကိုင်စျေးကွက်အရ တက်ရောက်မှုများလာတဲ့ မေဂျာဘာသာရပ်များ

တိုးတက်ပြောင်းလဲမှုမြန်ဆန်တဲ့ ကမ္ဘာကြီးမှာ အလုပ်အကိုင်စျေးကွက်ကလည်း အရင်ကနဲ့ မတူတော့ပါဘူး။ နည်းပညာခေတ် ဖြစ်လာသလို အပြိုင်အဆိုင်လည်း များလာတဲ့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့ ဘွဲ့က အနာဂတ် အလုပ်အကိုင်စျေးကွက် လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမှ အသက်မွေးဝမ်းကျောင်းအတွက် စိတ်ချရပါမယ်။ 

ဒါကြောင့် Job Market Trends အရ အနာဂတ်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပိုမို ရရှိနိုင်မယ့် ဘွဲ့ဒီဂရီတွေကို Monash University Malaysia က အခုလို ဖော်ပြပေးထားပါတယ်။

၁။ Computer science / Artificial intelligence (AI)

ကျန်းမာရေးကအစ နိုင်ငံရေးအထိ ဘယ်နယ်ပယ်မှာမဆို နည်းပညာကို အသုံးပြုလာတာဖြစ်တဲ့အတွက် AI Engineer၊ Machine Learning Engineer၊ Software Developer၊ Automation Specialist တို့က လစာကောင်းတဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ခေတ် အလုပ်အကိုင်စျေးကွက်မှာ Computer Science နဲ့ AI ဘွဲ့ရ ပရော်ဖက်ရှင်နယ်တွေ အများကြီး လိုအပ်လာတာပါ။

၂။ Data Science

၂၁ ရာစုခေတ်မှာဆိုရင် လုပ်ငန်းတွေက ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ပဲ လုပ်ငန်းတိုးတက်မှုနဲ့ဆိုင်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချကြတာကို တွေ့ရမှာဖြစ်ပါတယ်။ လုပ်ငန်းတိုင်းကလည်း Data Analyst၊ Data Scientist၊ Business Intelligence Specialist တွေကို လိုအပ်လာကြပါတယ်။ ဒါကြောင့် Data Science ဘွဲ့က ကျောင်းသားတွေ ရွေးချယ်မှုများတဲ့ ဘွဲ့ဒီဂရီတွေထဲက တစ်ခုဖြစ်လာပါတယ်။

၃။ Cybersecurity

Cybersecurity ဘွဲ့ဆိုတာက ဒစ်ဂျစ်တယ်စနစ်တွေ၊ ကွန်ရက်တွေ၊ ဒေတာတွေကို ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ သင်ကြားပေးတဲ့ ပညာရပ်ပါ။ လုပ်ငန်းတွေ အွန်လိုင်းပေါ်ကို ရောက်လာလေလေ လုပ်ငန်းတွေက သူတို့ စနစ်နဲ့ ဒေတာတွေကို ကာကွယ်ပေးမယ့် Cybersecurity Expert တွေကို ပိုပြီး လိုအပ်လာလေလေပါ။

၄။ Healthcare

သက်ကြီးပုဂ္ဂိုလ်ဦးရေ တိုးမြင့်လာတာနဲ့အမျှ ကျန်းမားရေးစောင့်ရှောက်မှု လိုအပ်ချက်တွေလည်း လိုအပ်လာပါတယ်။ ဒါကြောင့် အနာဂတ်မှာ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေ၊ ဇီဝဆေးပညာသိပ္ပံဘွဲ့ရတွေ အလုပ်အကိုင်စျေးကွက်မှာ အားကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။

သူနာပြုနဲ့ ဆရာဝန်ဘွဲ့တွေကို ရင်းနှီးပြီးသားဆိုပေမဲ့ ဇီဝဆေးပညာသိပ္ပံဘွဲ့ကိုတော့ သိပ်မသိကြ‌သေးဘူးထင်လို့ ရှင်းပြပါမယ်။ ဇီဝဆေးပညာသိပ္ပံဘွဲ့ဆိုတာ ခန္ဓာဗေဒ၊ ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးဝါးဗေဒ၊ ဇီဝကမ္မဗေဒတို့ကို အထူးပြုလေ့လာရတာ ဖြစ်ပါတယ်။ 

၅။ Food science

အစားအာဟာရ ကျန်းမာရေးအပေါ် တစ်ကမ္ဘာလုံးက အာရုံစိုက်လာပြီဖြစ်တာကြောင့် အစားအသောက်သိပ္ပံနဲ့ လူသားအာဟာရဆိုင်ရာ ဘွဲ့တွေကို ကျောင်းသားတွေ စိတ်ဝင်စားလာကြပါတယ်။ ဒီဘွဲ့ရကျောင်းသားတွေက အဝလွန်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့လို ကျန်းမာရေးပြဿနာတွေကို တိုက်ဖျက်ရာမှာ အရေးပါလာပါတယ်။ အာဟာရပညာရှင်၊ အစားအသောက်ပညာရှင်၊ အစားအသောက်နည်းပညာပညာရှင်တွေ လိုအပ်ချက်က နောက်ပိုင်းမှာ ပိုများလာနိုင်ပါတယ်။

၆။ Engineering (Electrical, Robotics, Software)

အင်ဂျင်နီယာပညာရပ်က ရှုပ်ထွေးပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ ပညာရပ်တွေထဲမှာ သူက မပါမဖြစ်ပါပဲ။ အလိုအလျောက်စနစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေ ရှိလာတာကြောင့် လျှပ်စစ်အင်ဂျင်နီယာ၊ စက်ရုပ်နဲ့ ဆော့ဖ်ဝဲလ်ပိုင်းတွေမှာ အင်ဂျင်နီယာတွေက မရှိမဖြစ် လိုအပ်လာပါတယ်။

၇။ Business

စီးပွားရေးလုပ်ငန်းတွေ ဒီဂျစ်တယ်ဘက်ကို ကူးပြောင်းလာတာနဲ့အမျှ စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးတို့မှာ ကျွမ်းကျင်လုပ်သားတွေ ပိုပြီး လိုအပ်လာပါတယ်။ ဒါကြောင့် Business Administration၊ Digital Markrting၊ E-commerce နဲ့ Consumer Analyst စတဲ့ ဘွဲ့ဒီဂရီတွေက  ကျောင်းသားတွေကြား ရေပန်းစားပြီး တက်ရောက်မှု များပါတယ်။

================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post University / College Read 33 times