Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများအား ထုတ်ယူမည့်ရက်ကို တရားဝင်ကြေညာပေးမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ထုတ်ယူရမည့်နေ့အား တရားဝင်ကြေညာပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

“ကျောင်းသားတွေလက်ထဲကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ကျွန်တော်တို့ အခုထိမထည့်နိုင်သေးဘူး။ အွန်လိုင်းကနေ အမှတ်စာရင်းကြည့်ပြီးရင် တက္ကသိုလ်ဝင်ခွင့်စာအိတ်ထဲထည့်ဖို့ ပညာရေးမှူးရုံးကို ကြိုပို့တာပဲရှိပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာအိတ်ကို ကျောင်းသားတွေကိုယ်တိုင်ထုတ်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမှာဖြစ်တယ်။ COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ ကျောင်းသားများထုတ်ယူဖို့ တရားဝင် ကြေညာသွားမှာပါ’’ ဟု ၎င်းက ဆိုသည်။

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် ကျောင်းများသို့ ဆက်လက် ဖြန့်ဝေရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလသည် COVID-19 ရောဂါဖြစ်ပွားနေသောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျောင်းသားများထံသို့ ဆက်လက်ဖြန့်ဝေပေးမည့် ရက်အားတရားဝင် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဖြည့်စွက် ပြောကြားခဲ့ဆိုသည်။

Source: Xinhua

By Myanmar Education Guide (EDGE) 

News Read 24573 times