Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်လက်မှတ်များ ထုတ်ပေးတော့မည်ဆိုသည့် သတင်းမှားနေ

ကျောင်းတွေဖွင့်ခွင့်ရပါက အချိန်တိုအတွင်း အကုန်လုံးဖွင့်နိုင်‌အောင် ကြိုတင်ပြင်ဆင်‌ ဆွေးနွေး‌နေပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ၁၀ တန်းအောင် လက်မှတ်ထုတ်ပေးမယ်ဆိုတာလည်း သတင်းအမှားဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းများ အဆင်သင့်ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်တဲ့ ညှိနှိုင်းအစည်းအဝေးကို ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိသူတွေက ဒီဇင်ဘာလ ၂၉ ရက်‌နေ့က ဆွေးနွေးခဲ့ကြတာပါ။ 

ကျောင်းတွေကို အရင်အတွေ့အကြုံအရ အချက် ၈၀ နဲ့ကိုက်ညီပြီး အဆင်သင့် ဖြစ်တာကို စစ်ဆေးတာဖြစ်တာကြောင့် အဆင်သင့်ဖြစ်တဲ့ ပတ်ဝန်းကျင်၊ အခြေအနေကို ကြိုတင် ဆောင်ရွက်တာလို့ ညွှန်ကြားရေးမှူးချုပ်  ဦးကိုလေးဝင်းက   ပြောပါတယ်။ 

ဒါ့ကြောင့် ဘယ်အချိန်ဖွင့်မလဲဆိုတာ မသတ်မှတ်ရ‌သေး‌ပေမယ့် အခြေအနေကောင်းပြီး ဖွင့်ခွင့်ရရင်တော့ အချိန်တိုတိုအတွင်း ကျောင်းတွေအကုန်လုံး ဖွင့်နိုင်‌အောင်ကြိုတင်ပြင်ဆင်နေ တယ်လို့ ပြောပါတယ်။

အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ၁၀ တန်းအောင်လက်မှတ် ထုတ်ပေးမယ်ဆိုတာကလည်း သတင်းအမှားဘဲဖြစ်ပြီး တကယ်ထုတ်ပေးမယ့်အချိန်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာမယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးက ခြေခံပညာကျောင်းတွေကို ကိုဗစ်‌ရောဂါကူးစက်မှုတွေကြောင့် ကျောင်းဖွင့်ချိန်ထက် ၁ လ နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်‌ရောဂါ တ‌ကျော့ပြန်ကူးစက်မှု‌တွေ‌ကြောင့် အခြေခံပညာအစိုးရအထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းနဲ့ကိုယ်ပိုင်ကျောင်းအားလုံးကို ဩဂုတ်လ ၂၇ ရက်နေ့ကစတင်ပြီး ယာယီ အကန့်အသတ်မရှိ ပိတ်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။

Source: DVB News

By Myanmar Education Guide (EDGE) 

News Read 2048 times