Sales Hotline : 09448001653       Download App



ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ၏ အကြိမ် (၂၀)မြောက် သုတေသနညီလာခံကျင်းပ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉း၀၀ နာရီတွင် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသနညီလာခံကို ၂၀၀၁ ခုနှစ်မှစ၍ ကျင်းပခဲ့သည်မှာ ယခုအကြိမ်သည် အကြိမ် ၂၀ မြောက် စာတမ်းဖတ်ပွဲဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ပြည်တွင်းကူးစက်မှု နှုန်းမြင့်မားလာခြင်းကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် ယခုနှစ်၌ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို Virtual စနစ်ဖြင့် ၁-၁၂-၂၀၂၀ ရက်နေ့၌ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားသည် ရန်ကုန်တက္ကသိုလ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ အမျိုးသားနေ့ ရာပြည့်အခမ်းအနားကိုလည်း ၉-၁၂-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ သုတေသနညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆရာ ဆရာမများ၊ သုတေသနပညာရှင်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ ပူးပေါင်းပါဝင်မှုများကို ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ အကြိမ် (၂၀)မြောက် သုတေသနညီလာခံတွင် စာတမ်းဖတ်ကြားသူများ အားလုံးအား ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊ ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများကို Virtual စနစ်ဖြင့် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များ၊ ပညာရှင်များအားလုံးတို့အား ကျေးဇူးတင်ပါကြောင်း၊

ဤသုတေသနညီလာခံကြီးအား ဒီဂျစ်တယ်နည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးချ၍ ကျင်းပနိုင်ခဲ့ခြင်းဖြင့် ဆရာ ဆရာမများအား သုတေသနဆောင်ရွက်မှုအခွင့်အလမ်းများ ပိုမိုအားပေးနိုင်မည်ဖြစ်ကာ အစိုးရနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပံ့ပိုးပါကြောင်း၊

မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရစ်စေရေးနှင့် လူတိုင်း အကျုံးဝင်ရေးမူဝါဒများနှင့်အညီ အားလုံးပူးပေါင်းပါဝင်လျက် ယခုစာတမ်းဖတ်ပွဲကြီးတွင် ဝန်ကြီးဌာန ၆ ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၆၁ ခုမှ သုတေသန နယ်ပယ် ၃၂ ခုတွင် စာတမ်းပေါင်း ၁၁၅၀ စောင် တင်သွင်းခဲ့ပါကြောင်း၊ စာတမ်းရှင်များကို လေ့လာကြည့်လျှင် ပါမောက္ခ ၄၇ ဦး (၅%)၊ တွဲဖက်ပါမောက္ခ ၁၉၆ ဦး (၂၂%)၊ ကထိက ၃၁၉ ဦး (၃၇%)၊ လက်ထောက်ကထိက ၁၀၁ ဦး (၁၁%)၊ နည်းပြ၊ သရုပ်ပြ ၃၅ ဦး (၄၁%) နှင့် အခြား ၁၆၄ ဦး (၁၉%) စုစုပေါင်း ၈၆၂ ဦး ပါဝင်တင်သွင်းခဲ့ကြပါကြောင်း၊ ယခင်နှစ်များက တင်သွင်းခဲ့သော စာတမ်းအရေအတွက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၇ ခုနှစ် တွင် ၃၀၇ စောင်၊ ၂၀၁၈ ခုနှစ်တွင် ၄၅၅ စောင်၊ ၂၀၁၉ ခုနှစ်တွင် ၉၉၉ စောင်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ၈၆၂ စောင် တင်သွင်းခဲ့ပါကြောင်း၊ အရေးကြီးသည်မှာ သုတေသနစာတမ်း ၏ မူရင်းဖြစ်မှုနှင့် အရည်အသွေးရှိမှု၊ အရည်အသွေးရှိသောသုတေသနများ၊ အရည်အသွေးရှိသော သုတေသနဆွေးနွေးပွဲများ၊ သုတေသနဆောင်းပါးများကို အားပေးရန်ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ တိုင်းရင်းသားဒေသများကို ဦးစားပေးလျက် ပြည်ထောင်စုကြီး၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကာ တက္ကသိုလ်များ၏ လွတ်လပ်စွာစီမံခန့်ခွဲမှုလမ်းကြောင်းပေါ်သို့ တက္ကသိုလ်များရောက်ရှိရေးအတွက် တက္ကသိုလ်များ၏အရည်အသွေးကို မြှင့်တင်ပေးနိုင်ရန် သုတေသနစာတမ်းများက အထောက်အကူပြုစေလိုပါကြောင်း၊ ဤစာတမ်းများ ရေးသားတင်သွင်း ခြင်းအားဖြင့် စာတမ်းရှင်များအနေဖြင့် မိမိ၏သုတေသနကို ဆန်းသစ်တီထွင်မှုနှင့် ထိုးထွင်းကြံဆမှု အပြည့်ဖြင့် နိုင်ငံတော်နှင့် တက္ကသိုလ်များ၊ ကျောင်းသားများအတွက် မိမိ၏တာဝန်ကျေပွန်မှုကို မိမိ၏သုတေသနလုပ်ငန်းသက်သေဖြင့် ခိုင်မာစွာပြသနိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်နိုင်သည့်အခွင့်အလမ်းကို အပြည့်အဝအသုံးချနိုင်ခဲ့သည်ဟု ယုံကြည်ပါကြောင်း၊

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လထိ ပြည်တွင်းပြည်ပသုတေသနဂျာနယ်များတွင် သုတေသနစာတမ်းပေါင်း ၁၂၇၆၇ စောင်ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ Scimago သုတေသန ဂျာနယ်အဆင့်အတန်းများ သတ်မှတ်ရေးအဖွဲ့၏အဆိုအရ ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ မြန်မာနိုင်ငံ သုတေသနဂျာနယ်စာတမ်းပေါင်း ၁၆၄၉ စောင် ထွက်ရှိခဲ့သည်ဟု ဖော်ပြထားပါကြောင်း၊          

၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးဝန်ကြီးဌာနသည် အရည်အသွေးရှိသော ပြည်တွင်းပြည်ပ အသုံးချ သုတေသန ပိုမိုပြုစုထုတ်ဝေနိုင်ရေးကို အားပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းပေါင်း ၂၂၁၅၇ စောင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ Scimago သုတေသနဂျာနယ်အဆင့်အတန်းသတ်မှတ်ရေးအဖွဲ့၏ အဆိုအရ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသုတေသနပညာရှင်များက သုတေသနစာတမ်းပေါင်း ၂၁၄၀ စောင်ကို ထုတ်ဝေနိုင်ခဲ့သဖြင့် သုတေသနဂျာနယ်များတွင် ပါဝင်ရေးသားပြုစုခဲ့သော သုတေသနစာတမ်းအရေအတွက် တိုးမြင့်လာခဲ့သည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးသုတေသနစာတမ်းဆုများ ချီးမြှင့်နိုင်မှုအခြေအနေကိုကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ၂၅ စောင်အနက်ကို ၉ စောင်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ၃၄ စောင်အနက် ၁၁ စောင်ကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ၄၆ စောင်အနက် ၉ စောင်ကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင်  ၃၃ စောင်အနက် ၁၀ စောင်ကိုလည်းကောင်း ချီးမြှင့်ခဲ့ပါကြောင်း၊

လာအိုနိုင်ငံနှင့် တီမောလက်စ်နိုင်ငံများမှအပ အခြားနိုင်ငံအားလုံးသည် မြန်မာနိုင်ငံထက် သုတေသနအရည်အသွေးနှင့် အရေအတွက် သာလွန်နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံ နှင့် BIMSTEC ဒေသတွင်း နိုင်ငံအားလုံးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ၌ အမြောက် အများရင်းနှီးမြှုပ်နှံကြသဖြင့် ကမ္ဘာတွင် သုတေသနအားကောင်းကြပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော် နှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံးသုတေသနများကို တီထွင်ဆန်းသစ်မှုအပြည့်ဖြင့် ထိရောက် အကျိုးရှိစွာ ပုံဖော်နိုင်ရန်အတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အသိစိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း၊ သုတေသနသည် တက္ကသိုလ်၏အသက်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် တက္ကသိုလ်များ၏ လွတ်လပ်သောစီမံခန့်ခွဲနိုင်မှုကို ပံ့ပိုးနိုင်ရေးအတွက် သုတေသနသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် တက္ကသိုလ်များ၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍ ၌ အမြောက်အမြားရင်းနှီးမြှုပ်နှံကြပါကြောင်း၊ ယေဘုယျအားဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ် မှု၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိမှု၊ စက်ရုံအလုပ်ရုံများနှင့် နည်းပညာလွှဲပြောင်းမှု၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် တက္ကသိုလ်သည် အရေကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊

Artificial Intelligence (AI)၊ Robotics၊ Big Data၊ Cloud Computing၊ Internet of Things (IoT) ကဲ့သို့သော Automation Technology သည် လျင်မြန်စွာတိုးတက်လာနေပြီး ဒီဂျစ်တယ် စီးပွားရေး၊ လုပ်သားဈေးကွက်ပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနေမှုကြောင့် သီအိုရီနှင့်လက်တွေ့ပေါင်းစပ်၍ သင်ယူလေ့လာရသော အရည်အသွေးရှိသည့်ပညာရေးကို ပိုင်ဆိုင်သည့် ကလေးများ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာသင်ယူသူများကသာလျှင် အဆင့်မြင့် ကျွမ်းကျင်မှုတို့ကို အသုံးချလျက် မညီမျှမှုများ ဆိုးဆိုးရွားရွားကြီးထွားလာမှုကို တားဆီးနိုင်မည် ဖြစ်ကာ လူတိုင်းအတွက် သာယာဝပြောသောအနာဂတ်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရပ် နယ်ပယ်တစ်ခုနှင့်သက်ဆိုင်သော (Disciplinary)၊ ပညာရပ်နယ်ပယ်တစ်ခုထက်ပိုသော ပေါင်းစပ် သင်ယူမှု ‌(Interdisciplinary) နှင့် တွေးခေါ်မှုကိုအားပေးသော ပညာဗဟုသုတ (Epistemic) တို့နှင့် သက်ဆိုင်သော ပညာရပ်နယ်ပယ်များကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာနှင့် IT နည်းပညာများ၊ ကျွမ်းကျင်မှုသစ်များ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းသောသဘောထားအမြင်များနှင့် တန်ဘိုးများကိုလည်း ပျိုးထောင်မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကို ရရှိစေရန် အဆင့်မြင့်နည်းပညာဖြင့်လေ့လာမှု (High-Tech Learning) နှင့် ထိတွေ့သင်ယူမှု (High-Touch Learning) တို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှု (Blended Learning) ကို ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ဆန်းသစ်တီထွင်မှုအတွက် ပညာရေးကို နည်းပညာ၊ သက်မွေးပညာရေးနှင့် ချိတ်ဆက်လျက် တက္ကသိုလ်ပညာရေးသို့ ဦးတည်လျှောက်လမ်းသင်ယူလေ့လာခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည်များကို လေ့ကျင့်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းအားလုံးသည် တစ်သက်တာသင်ယူသူများဖြစ်လာစေရန် နည်းပညာအသုံးပြု၍ လေ့လာသင်ယူသွားရမည်ဖြစ်ပါ ကြောင်း၊ ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရန် တန်ဖိုးထားမှုနှင့် ကမ္ဘာ့လူသား ကောင်းများမွေးထုတ်ပေးရန် အရေးကြီးပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းလာ၍ ကျွမ်းကျင်မှုလိုအပ်သော အလုပ်အကိုင်သစ်များ ပေါ်ထွက် လာပါကြောင်း၊ သို့ဖြစ်၍ အနာဂတ်အလုပ်အကိုင်ကောင်းများရရှိရေးအတွက် ဆန်းသစ်တီထွင် သည့် သင်ကြားသင်ယူမှုနည်းလမ်း၊ ဆန်းသစ်သည့်စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ သဘောထား အမြင်များနှင့် ခေတ်မီနည်းပညာများအသုံးပြု၍ ၂၁ ရာစု ကျွမ်းကျင်မှုများကို လေ့ကျင့်ပျိုးထောင် ကာ လူတိုင်းစာတတ်မြောက်ရေး၊ အခြေခံသင်္ချာတတ်မြောက်ရေး၊ သိပ္ပံနှင့်အိုင်စီတီတတ်ကျွမ်းရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိ စသည့် အခြေခံတတ်မြောက်မှုများကို ဖြည့်ဆည်းပေးရန်လိုအပ်ပါ ကြောင်း၊ စစ်ဆေးအကဲဖြတ်မှုသည်လည်း ကျွမ်းကျင်မှုနှင့် စွမ်းရည်များပြည့်ဝစေရန်၊ အထောက်အကူကောင်းဖြစ်စေရန် လိုအပ်ပါကြောင်း၊ သို့ရာတွင် သင်ယူတတ်မြောက်ရေးအတွက် အောင်မြင်စွာ မဆောင်ရွက်နိုင်ပါက သင်ယူလိုစိတ်ကို ဖျက်ဆီးတတ်သည်ကို အထူးသတိပြုရန် အရေးကြီးပါကြောင်း၊ သုတေသနနှင့် နည်းပညာလွှဲပြောင်းမှုကို မြှင့်တင်ရန်အတွက် ကျောင်းများ နှင့် စက်ရုံအလုပ်ရုံများ မိတ်ဖက်ဖွဲ့စည်းခြင်း (Schools and Industry Partnership – SIP) ကို အကောင်အထည်ဖော်ရန်ဖြစ်ပါကြောင်း၊ ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် နီးကပ်စွာ ပူးပေါင်းလျက် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များရရှိစေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သင်ကြားသင်ယူကာ အသုံးချသုတေသနကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အရည်အသွေးအာမခံမှု (Quality Assurance) အတွက် အမျိုးသားပညာရေးအဆင့် အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ (National Accreditation and Quality Assurance Committee – NAQAC) က ပြင်ပအကဲဖြတ်အဖွဲ့အဖြစ် ဆောင်ရွက်ကာ ပြန်လည် သုံးသပ်အကဲဖြတ်ခြင်းနှင့် အမျိုးသားပညာရေးအဆင့်အတန်းသတ်မှတ်ခြင်းကို ဆောင်ရွက်ပေးရန် နှင့် ဖွဲ့စည်းပုံ၊ ပညာရပ်နယ်ပယ်နှင့် ဘဏ္ဍာငွေသုံးစွဲမှု၊ လူသားအရင်းအမြစ်များအား အရည်အသွေး မြှင့်တင်မှုတို့တွင် လွတ်လပ်စွာကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ အားပေးဆောင်ရွက်ရန် အမျိုးသားပညာရေးမဟာဗျူဟာစီံမံကိန်း (၂၀၂၁-၂၀၃၀) တွင် ထည့်သွင်း ထားပါကြောင်း၊  အရည်အသွေးရှိသော စီးပွားရေးစနစ်၊ ဘဏ်လုပ်ငန်းစနစ်၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့တွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမြင့်ဆုံးအကျိုးအမြတ်ရရှိ စေနိုင်ရန်အတွက် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတွင် ပုဂ္ဂလိကဏ္ဍပါဝင်မှုကို အားပေးဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သုတေသနပညာရှင်များနှင့် ဆရာ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

Source: Ministry of Education 

By Myanmar Education Guide (EDGE) 

Latest Post News Read 422 times