တောင်ကြီးပညာရေးဒီဂရီကောလိပ်အား တက္ကသိုလ်အဆင့်မြှင့်တင် ဖွင့်လှစ်မည်

ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ (၂၆) ရက် နံနက်ပိုင်းတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

သို့ရာတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပညာရေးဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့အဆင့်မြှင့်တင်ရာတွင် ပညာရေးဒီဂရီကောလိပ် ငါးကျောင်းကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိရမည်ဖြစ်ပြီး အဆောက်အအုံပိုင်းဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ရေးကိစ္စများလည်း ပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်း ဆိုသည်။

သင်ကြားရေးကိစ္စများအတွက်လည်း ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏သင်ရိုးညွှန်းတမ်းများကို ညှိနှိုင်းရေးဆွဲရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲရာတွင် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 196 times