မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများ မီးလောင်ခဲ့သည့်အတွက် Grade-12 စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ယင်းတို့ကို အနီးကပ်သင်ကြားပေးသည့် ဆရာ၊ ဆရာမတို့အတွက် စုစုပေါင်းငွေကျပ် (၂၀) ဘီလီယံကို နိုင်ငံတော်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ဇွန်လ (၆) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တာဝန်ရှိသူများ တက်ရောက်ပြီး ကျင်းပပြုလုပ်ခဲ့ကြရာ အဆိုပါအကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ငလျင်ဘေးသင့်ချိန် အရေးပေါ်ကူညီ ကယ်ဆယ်ရေး၊ အပျက်အစီးများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှအစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်ပြည်သူများနှင့် နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရန်ပုံငွေထပ်မံထည့်ဝင်ပေးမှုတို့မှ ရရှိခဲ့သည့် ငွေကြေးတို့မှ စုစုပေါင်း ငွေကျပ် (၂၆၄.၆၅၆) ဘီလီယံကို သုံးစွဲခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ သုံးစွဲရာတွင် ပညာရေးဝန်ထမ်းများအပါအဝင် ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း (၄၅) ခုမှ ဝန်ထမ်းနှင့် မှီခိုသူ (၁၃၀,၀၀၀) ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ငါးပိ သုံးလစာ ထောက်ပံ့ခြင်း၊ ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ကျောင်းများတွင် ယာယီကျောင်းဆောင်များ ပြုလုပ်ရန် ကြိုတင်ငွေများ ပေးအပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးများနှင့် အထူးအဆောက်အအုံများ ပြင်ဆင်နိုင်ရန် ပေးအပ်ခြင်းများလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများ မီးလောင်ခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးသုံးခုမှ အခြေခံပညာအထက်တန်း Grade-12 စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၃၅,၉၂၂) ဦးနှင့် ယင်းတို့ကို အနီးကပ်သင်ကြားပေးသည့် ဆရာ၊ ဆရာမ (၆,၇၂၉) ဦးရှိသည်။
ထို့ကြောင့် ယင်းတို့အတွက် Camp အတွင်း နေထိုင်စားသောက်ရေးစရိတ်များ၊ စာရေးကိရိယာဖြည့်ဆည်းပေးမှုစရိတ်များ၊ အဝေးမှ ပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် လာရောက်သင်ကြားပို့ချပေးကြသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ခရီးစရိတ်၊ တည်းခိုနေထိုင်ရေးကိစ္စရပ်များတွင် အသုံးပြုရန် စုစုပေါင်းငွေကျပ်ဘီလီယံ (၂၀) ကို နိုင်ငံတော်က ယခုလတွင် ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုထောက်ပံ့ငွေများတွင် ခရီးစရိတ်များ၊ စားစရိတ်များ၊ နေ့တွက်စရိတ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံကြေးများ ပါဝင်ကြောင်း သိရသည်။
=======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။