မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက်၏ ဦးဆောင် ကော်မတီ အစည်းအဝေးပွဲကို video conferencing ဖြင့် ယနေ့နံနက် (၁၀ နာရီ) တွင် ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေး သို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Riikka Laatu, Ms Sanna Takala, Counsellor (Development), Embassy of Finland; Ms Min Jeong Kim, Head of Office, UNESCO Myanmar နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ၊ အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ UNESCO Myanmar Office မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆရာအတတ် ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်အား နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီတို့ ပံ့ပိုးပေးသည့် ဖင်လန်နိုင်ငံအစိုးရနှင့် ယူနက်စကိုတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက် ဒုတိယအပိုင်း(STEM Project Phase II) ကာလအတွင်း ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်းတွင် မူဝါဒနှင့် သင်ကြားသင်ယူမှု စွမ်းဆောင် ရည်များ တိုးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ်ရေးဆွဲခြင်း၊ ကျား၊မရေးရာ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုနှင့် ဆရာ့အခွင့် အလမ်း စသည်တို့တွင် နည်းပညာအကူအညီရယူ ဆောင်ရွက်ခဲ့ပါကြောင်းသိရသည်။
(၂)နှစ်သင်ပညာရေး ကောလိပ်များ ကို (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ဒုတိယနှစ်ဝက်နှင့် ဒုတိယနှစ် သင်ရိုး ပုံနှိပ်စာအုပ်၊ ဆရာလမ်းညွှန်စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်ဆောင် ရွက်ပြီးဟု သိရပါကြောင်း၊ အခြေခံပညာ၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ကို ရေးဆွဲရာတွင် ကူညီပံ့ပိုးမှုအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်သည် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀)ကို အထောက်အကူပြုမည်ဟုယုံကြည်ပါကြောင်း၊ ကူညီပံ့ပိုးပေးမှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ STEM Project ၏ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များ၊ စီမံချက်၏ အပိုင်း(၂)အစီရင်ခံစာနှင့် ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ် အကောင်အထည်ဖော်မှုကို အကဲဖြတ်ခြင်း အစီရင်ခံစာတို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Educational Information Department