အရည်အချင်းရှိ ဆရာ/ဆရာမတွေ မိမိကျောင်းမှာ မြဲစေမယ့် နည်းလမ်း (၅) ခု

ကျောင်းတွေက အရည်အချင်း ပြည့်၀တဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်ထားဖို့ လိုအပ်သလို ရှိပြီးသား အရည်အချင်းရှိ ဆရာ၊ ဆရာမတွေကိုလည်း မိမိကျောင်းမှာ မြဲအောင် ဆွဲဆောင်ထားနိုင်ဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းတစ်ကျောင်းမှာ ဆရာ၊ ဆရာမတွေ မြဲခြင်းက ကျောင်းရဲ့ ပညာရေးအရည်အသွေး၊ ကျောင်းရဲ့ ဂုဏ်သတင်းကျော်ဇောမှုနဲ့ ကျောင်းသားတွေရဲ့ တိုးတက်မှုအပေါ်မှာ သက်ရောက်မှု ရှိနိုင်လို့ပါ။ 

ဒါကြောင့် ကိုယ့်ကျောင်းက အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေကို အလုပ်ထွက်မသွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ စီမံခန့်ခွဲရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

၁။ ပံ့ပိုးကူညီပေးပါ။

ဆရာ၊ ဆရာမတွေက သူတို့ကို တန်ဖိုးထားပေးပြီး ပံ့ပိုးပေးမယ်ဆိုရင် သင့်ကျောင်းမှာပဲ နှစ်တွေ အကြာကြီး လုပ်မှာပါ။ အချင်းချင်း ပွင့်လင်းတဲ့ ဆက်ဆံရေးရှိခြင်း၊ အောင်မြင်မှုတွေကို ဂုဏ်ပြုခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်မှုတွေကို အားပေးခြင်းတို့ကို လုပ်ဆောင်ပါ။ ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲတွေ၊ ပူပန်မှုတွေကို တစ်ပတ်တစ်ခါလောက် ဆွေးနွေးပေးပြီး သူတို့နဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ပါ။ တစ်လတစ်ခါ အစည်းအဝေးခေါ်ပြီး ကျောင်းတိုးတက် အောင်မြင်ရေးအတွက် ဆရာ၊ ဆရာမတွေရဲ့ အကြံဉာဏ်ကိုလည်း ရယူပါ။

၂။ အကျိုးခံစားခွင့်တွေပေးပါ။

ဆရာ၊ ဆရာမတွေဆိုတာ စာသင်ကြားခြင်း အလုပ်တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ သင်ခန်းစာပြင်ဆင်တာ၊ အမှတ်ခြစ်တာ၊ မေးခွန်းထုတ်တာ စတဲ့ စာသင်ခန်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် တာဝန်ကျေရင် ကျေသလို အကျိုးခံစားခွင့်တွေ ပေးသင့်ပါတယ်။ အချိန်ပိုဆင်းရရင် အချိန်ပိုကြေးပေးတာ၊ လစာရ ခွင့်ရက်တွေ ပေးတာ၊ ဘောနပ်စ်ပေးတာ၊ ဆရာ/ဆရာမ သားသမီးတွေအတွက် ကျောင်းလခ လျှော့ပေးတာ စတာတွေ လုပ်ဆောင်ပါ။ 

၃။ သင်တန်းပေးပါ။

လူဆိုတာ ကိုယ့်အတွက် တိုးတက်မှု မရှိတဲ့နေရာမှာ အလုပ်မလုပ်ပေးချင်ကြတာ သဘာ၀ပါ။ ဒါကြောင့် ကိုယ့်ကျောင်းမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လိုအပ်ချက်ပေါ် လိုက်ပြီး သင့်တော်တဲ့ သင်တန်းတွေ ပေးပါ။ အထူးသဖြင့် သင်ကြားရေးနည်းလမ်းအသစ်တွေ၊ ပညာရေးမှာ နည်းပညာအသုံးချပုံတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ လက်မှတ်ရ အပြင်သင်တန်းတွေ ဥပမာ - TKT ၊ ECCD တို့ တက်ရောက်ဖို့ အခွင့်အရေး ပေးပါ။ 

၄။ အသိအမှတ်ပြုပေးပါ။

ဆရာ၊ ဆရာမတွေရဲ့ ကြိုးပမ်းမှုကို အမြဲလေးစားပြီး အသိအမှတ်ပြုပေးပါ။ ဒီလအတွက် အကောင်းဆုံး ဆရာတွေ၊ ဒီလအတွက် ရက်အမှန်ဆုံးဆရာတွေ၊ ဒီလအတွက် AI ကို အသုံးချနိုင်ဆုံး ဆရာတွေ စသဖြင့် ဆရာ၊ ဆရာမတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။ ကျေးဇူးတင်စကားပြောတာမျိုး၊ ကျွေးမွေးဧည့်ခံတာမျိုး၊ နှစ်စဉ် ပွဲလုပ်ပြီး ဆုချီးမြှင့်တာမျိုး စတာတွေ လုပ်ဆောင်ပေးပါ။

၅။ အလုပ်နဲ့ဘ၀ ညီမျှစေပါ။

ဆရာ၊ ဆရာမတွေအတွက် အလုပ်တွေ ပိပြီး မနိုင်ဝန်ထမ်းရတာကပဲ အလုပ်ထွက်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ချိန်၊ ပိတ်ရက်တွေ၊ သင်ကြားရေး အချိန်ဇယားတွေကို သေချာ သတ်မှတ်ပေးဖို့ အရေးကြီးပါတယ်။ ဆရာဖြစ်တဲ့အတွက် ဆရာနဲ့ပတ်သက်တဲ့ အလုပ်တာဝန်တွေကိုပဲ ပေးထားပါ။ နောက်တစ်ခု အရေးကြီးတာက ဆရာ၊ ဆရာမတွေရဲ့ စိတ်ကျန်းမာရေးကို မမေ့ထားဖို့ပါ။ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးပွဲတွေ ပြုလုပ်ပေးပါ။ ဒါမှသာ ကျောင်းသား/သူတွေရဲ့ သင်ယူမှုမှာ ထိခိုက်မှုမရှိဘဲ ပျော်စရာကောင်းတဲ့ စာသင်ခန်းကို ဖန်တီးနိုင်မှာပါ။

ဆရာ၊ ဆရာမတွေကို ဆွဲဆောင်ထားနိုင်ခြင်းက ဝန်ထမ်းတွေကို မြဲအောင် ထိန်းသိမ်းတာတစ်ခုတည်း မဟုတ်ဘဲ တိုးတက်တဲ့ ပညာရေး အသိုက်အဝန်းကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ပံ့ပိုးမှု၊ တန်ဖိုးထားမှု၊ လေးစားမှုတို့ကို ခံစားရတဲ့အခါ ပိုမို ကောင်းမွန်တဲ့ သင်ယူမှုရလဒ်တွေကို ပေးဆောင်နိုင်မယ့်အပြင် ကျောင်းရဲ့ ဂုဏ်သတင်းကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်ပါတယ်။ 

High Primary Secondary Read 23 times