Sales Hotline : 09448001653       Download App



အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၃၀) ရေးရာတွင် ကျောင်းသားသမဂ္ဂများနှင့် ဒုတိယနေ့ဆွေးနွေး

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးအတွက် ကျောင်းသား သမဂ္ဂများ၊ ကျောင်းသားကျောင်းသူများနှင့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ်ကို ယနေ့ နံနက် ၉းဝ၀ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသားကျောင်းသူများ၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင် ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် ၂၁ ရာစု နည်းပညာ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်သည့်ခေတ်ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်သည့်ခေတ်ဖြစ် သည့်အလျှောက် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ ပြောင်းလဲခဲ့ပါ ကြောင်း၊ အထူးသဖြင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် အလုပ်အကိုင် ကောင်းများရရှိရန်အတွက် ၂၀ ရာစုကျွမ်းကျင်မှုများနှင့် မလုံလောက်တော့ကြောင်း။

၂၀၁၆ ခုနှစ်က ထုတ်ဝေသော Learning Generation စာအုပ်၌ နည်းပညာဖွံ့ဖြိုးတိုးတက် သည့်အတွက် ကမ္ဘာတစ်ဝန်း၌ အလုပ်အကိုင် ၄ ဘီလီယံ တိုးမြင့်ခဲ့ပြီး ယင်းတို့အနက် ၂ ဘီလီယံ မှာ Automation Technology၊ Artificial Intelligence၊ Big Data၊ Robotics နှင့် Internet of Things များကြောင့် ကျောင်းသားကျောင်းသူများ မျှော်မှန်းထားသကဲ့သို့ အလုပ်အကိုင်သစ်များပေါ်ပေါက်လာမည်မဟုတ်ဘဲ ရှိနေသည့် ၄ ဘီလီယံမှ ထက်ဝက်ကျော် မှာ ပျောက်ကွယ်သွားနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ အလုပ်အကိုင်ကောင်းများရရှိရန် High Level Skills များလိုအပ်ပါကြောင်းနှင့် ယင်းကျွမ်းကျင်မှုများရရှိရန်အတွက် အရည်အသွေးရှိသောပညာရေးကသာ ပံ့ပိုးပေးနိုင်ပါကြောင်း။
 
High Level Skills ရှိသူများမှာ အလုပ်အကိုင်ကောင်းများရရှိပြီး ဝင်ငွေကောင်းမည်ဖြစ်ပါကြောင်း၊ လူအများစု အလုပ်အကိုင် ကောင်းမရရှိပါက လစာဝင်ငွေမကောင်းသဖြင့် မညီမျှမှုများဖြစ်လာနိုင်ပါကြောင်း၊ ဆိုးရွားလှ သော မညီမျှမှုများကို လျှော့ချပေးနိုင်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် အခွင့်အလမ်းများမြှင့်တင်ပေးနိုင်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်မှာ အရည်အသွေးရှိသော ပညာရေးပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရည်အသွေးရှိသောပညာရေးမှာ မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာတစ်ဝန်းအတွက်ပါ အရေးကြီးသည်ဟု အလေးအနက်ပြောကြားလို ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် Stakeholders ၂၅ ဖွဲ့နှင့် နေ့စဉ် တွေ့ဆုံဆွေးနွေးညှိနှိုင်းလျက်ရှိပါ ကြောင်း၊ ဤစီမံကိန်းတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကဏ္ဍ၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရည်မှန်းချက်ပန်းတိုင်များကဏ္ဍ၊ စီးပွားရေးတိုးတက်မှုအတွက်ပညာရေး (၂၀၃၀) ကဏ္ဍ၊ အခြေခံပညာရေးကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက် မှု၊ အရည်အသွေးမြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍတို့ကို ထည့်သွင်းရေးဆွဲထားပါ ကြောင်း။

အခြေခံပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့် အဆင့်မြင့်ပညာကဏ္ဍများတွင် ကျောင်းဝင်ခွင့်အခွင့်အလမ်း၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ စစ်ဆေးအကဲဖြတ်ခြင်း၊ စီမံခန့်ခွဲမှုနှင့် အရည်အသွေးအာမခံမှု၊ ဘဏ္ဍာငွေ၊ နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေး စသည့် ခေါင်းစဉ်များဖြင့် ထည့်သွင်းရေးဆွဲလျက် အရည်အသွေးရှိသောပညာရေးကို ဖော်ဆောင်သွား မည်ဖြစ်ပါကြောင်း။

သမားရိုးကျပညာရေးစနစ် (Traditional Education System) ဆိုသည်မှာ လူနည်းစုမှ ဆုံးဖြတ်၍ ဗဟိုမှထိန်းချုပ်ပါကြောင်း၊ ကျောင်းသားများမှာ ဆရာမှ သင်ကြားသည့်စာများကို အလွတ်ကျက်မှတ်ရပြီး ကျောင်းအုပ်များနှင့် ပါမောက္ခချုပ်များက စီမံခန့်ခွဲပါကြောင်းနှင့် သင်ရိုးများနှင့် စာမေးပွဲစစ်ဆေးအကဲဖြတ်မှုများမှာ ပုံသေစံသတ်မှတ် (Standardized) ထား ၍ ပညာရေးမှာ စာမေးပွဲရမှတ်များပေါ်တွင်သာ အခြေခံပါကြောင်းနှင့် အပေါ်ယံသင်ယူခြင်း သာဖြစ်ပါကြောင်း။

ယခင်နှစ်အထိ New Normal Education System ဖြင့် သင်ကြားသည့် အတွက် သင်ရိုးများမှာ Non Linear ဖြစ်ပါကြောင်း၊ အကဲဖြတ်မှုများသည်လည်း Academic Performance အပေါ် ဦးစားပေးပြီး အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများမှာ အရေးကြီး သကဲ့သို့ Soft Skills များဖြစ်သည့် သဘောထားအမြင်များနှင့် တန်ဖိုးထားမှုများ၊ EQ Personal Skills များ၊ Emotional Skills များ၊ Social Skills များမှာ အရေးပါလာပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိနှင့်အတူ မိမိဒေသ၊ ပြည်ထောင်စုနှင့် ကမ္ဘာကြီးကို တန်ဖိုးထားရန်လိုအပ်ပါ ကြောင်း၊ နောက်ခံအခြေအနေနှင့် မျှော်မှန်းရလဒ်များမတူညီသည့်အတွက် ပညာရေးတွင် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့် ဆုံးဖြတ်၍မရဘဲ စုပေါင်းအင်အား Shared Accountability and Responsibility၊ Shared Value၊ Shared Decision Making များဖြင့် သာ တစ်သက်တာသင်ယူမှုအခွင့်အလမ်းများရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ယနေ့ခေတ်၌ ကိုဗစ်-၁၉ ကပ်ရောပါဖြစ်ပွားမှုကြောင့် ဒီဂျစ်တယ်နည်းပညာများနှင့်အတူ ပေါင်းစပ်သင်ယူမှု (Blended Learning) ဖြင့် သင်ကြားမှုသည် New Normal Education ၏ သင်ယူမှုများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပူးပေါင်း ပါဝင်မှုမှာ အရေးကြီးပါကြောင်း၊ ရိုးသားမှုသည် အောင်မြင်မှု၏အခြေခံဖြစ်ပြီး ရိုးသားမှု၊ တည်ငြိမ်မှု၊ ကြိုးစားမှုဖြင့် နက်နက်နဲနဲသင်ယူရန် အရေးကြီးပြီး သင်ယူရာတွင်လည်း ဘေးကင်းလုံခြံ၍ ကျန်းမာပျော်ရွှင်ရန်နှင့် အရည်အသွေးရှိသောဝန်းကျင်ကောင်း လိုအပ်ပါ ကြောင်း။

ကျောင်းသားကျောင်းသူ များ၏ အနာဂတ်သာယာဝပြောရေးနှင့် ၂၁ ရာစု ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသောပညာရေး စနစ်ကို အကောင်အထည်ဖော်ရာ၌ Monitoring and Evaluation မှာ အရေးကြီးသကဲ့သို့ ကျောင်းသား ကျောင်းသူများ ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် တိုင်းရင်းသားပြည်သူများ၏ ဝေဖန်အကြံပြုချက်များသည်လည်း အရေးကြီးပါကြောင်း၊ လက်တွေ့ကျစွာ၊ ထိရောက်အကျိုးရှိစွာ၊ အရည်အသွေးကောင်းစွာ လုပ်ငန်းခွင်၊ လူမှုဘဝ၊ ကမ္ဘာကြီးနှင့် လိုက်လျောညီထွေရှိစေရန် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် လိုအပ်ပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသောနည်းပညာ နှင့် လိုက်လျောညီထွေမှုရှိစေသည့်ပညာရေးကို အကောင်အထည်ဖော်ရန်လိုအပ်ပါကြောင်း။

ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးရေးပန်းတိုင် (SDGs) ၌ ကဏ္ဍ ၁၇ ခုပါရှိပြီး အရည်အသွေးရှိ သော ပညာရေးစနစ်သည် ကဏ္ဍ ၄ တွင်ပါရှိပါကြောင်း၊ Organization for Economic Cooperation and Development (OECD) ၏ Future of Education and Skills (2030) ၌ လူငယ်များ၏ အနာဂတ်ဘဝလှပ၍ ဂုဏ်သိက္ခာရှိစွာဖြင့် နေထိုင်နိုင်ရန်အတွက် လိုအပ်သည့်ပညာရေးစနစ်နှင့် ကျွမ်းကျင်မှုများကို ဖော်ပြထားပါကြောင်း၊ ယင်းဖော်ပြချက် များနှင့် လိုက်လျောညီထွေဖြစ်စေမည့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှသာ လက်တွေ့ ကျ၍ ထိရောက်အကျိုးရှိပြီး အရည်အသွေးရှိသောပညာရေးစနစ်ဖြစ်စေရန် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ကာလမှာ ၁၀ နှစ်ဖြစ်ပါကြောင်း။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) ကို အကောင်အထည်ဖော်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေး နှင့်အညီဆောင်ရွက်ပါ ကြောင်း၊ တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီမှု၊ အပြုသဘောဆောင်သည့် သဘောထားနှင့် တန်ဖိုးထားမှုများဖြင့် ကမ္ဘာ့လူသားကောင်းဖြစ်ရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် အကောင်းဆုံးတာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်းဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်နှင့်အတူ ဆန်းသစ်တီထွင်ဖန်းတီးနိုင်သော စွမ်းရည်ရရှိစေရန် သင်ယူသူ တိုင်းကို တစ်သက်တာသင်ယူမှုအခွင့်အလမ်းရရှိရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေးတွင် အဂတိကင်းမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်အကျိုးရှိမှုတို့ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပညာရေးတွင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ရင်းနှီးမြှပ်နှံမှုများဆောင်ရွက်ရာတွင် ပြည်သူဘဏ္ဍာကို အကျိုးရှိ စွာဖြင့် လုပ်ထုံးလုပ်နည်း၊ ဥပဒေ နည်းဥပဒေများ၊ စာရင်းစစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်နှင့် ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရန် အရည်အသွေးရှိ အသုံးချသုသေတနများ ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပြည်ပ သုတေသနဂျာနယ်များတွင် ရေးသားရန်လိုအပ်ကြောင်း၊ သုတေသနရလဒ်များအပေါ် အခြေခံ၍ နည်းပညာလွှဲပြောင်းပေးခြင်း၊ သီအိုရီနှင့်လက်တွေ့လုပ်ငန်းခွင်ပေါင်းစပ်၍ လုပ်ငန်းခွင်နှင့်လိုက်လျောညီထွေဖြစ်စေရန် စွမ်းဆောင်ရည်မြှင့်ပေးခြင်းဖြင့် မိမိ၊ ပြည်ထောင်စု၊ အာဆီယံဒေသနှင့် ကမ္ဘာအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။

စဉ်းစားတွေးခေါ်မှုနှင့် ပြဿနာကို ဖြေရှင်းနိုင်သော သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေးအကဲဖြတ်မှု၊ ဝန်ထမ်းစီမံခန့်ခွဲရေး၊ ဘဏ္ဍာငွေကို အကျိုးရှိထိရောက်အောင် စီမံခန့်ခွဲမှု စသည့်သင်တန်းများပေးခြင်းဖြင့် ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊
နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းရာ တွင် တိုင်းရင်းသားဒေသများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် များ၏ အခက်ခဲနှင့် လိုအပ်ချက်များကို ဦးစားပေးအလိုက် ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ လူတိုင်းအကျုံးဝင်ပညာရေးဖြစ်ရန် ပညာသင်ဆုများနှင့် ပညာသင် ထောက်ပံ့ကြေးများချီးမြှင့်ရန် လိုအပ်ပါကြောင်း။

အမျိုးသားပညာရေးအရည်အသွေးမူဘောင် (National Qualification Framework- NQF) အရ တစ်သက်တာသင်ယူမှုအခွင့်အလမ်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ ခရက်ဒစ်လွှဲပြောင်းမှုစနစ် (Credit Transfer System) ၊ မူဝါဒနှင့် စံသတ်မှတ်ချက်၊ အရည်အသွေးအာမခံမှု (Quality Assurance) ၊ Internal Quality Assurance ၊ External Quality Assurance နှင့် Accreditation အရေးကြီးပါကြောင်း၊ High-Teach Learning၊ High-Touch Learning နှင့် Blended Learning တို့ကို အသုံးပြုပြီး တစ်သက်တာသင်ယူမှုအခွင့်အလမ်းများရရှိစေခြင်း ဖြင့် ၂၁ ရာစုကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရမည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍတွင် အောင်မြင်မှုရရှိစေရေန် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ တိုင်းရင်းသားများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အကြံပြုချက်၊ သုံးသပ်ဆွေးနွေးချက်များနှင့် ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်းနှင့် တန်ဖိုးထားပါကြောင်း၊ ကူညီတတ်သည့်နှလုံးသား၊ အပြုသဘော ဆောင်သည့် သဘောထား၊ ဂရုဏာစိတ်တို့ဖြင့် မိမိတက္ကသိုလ်၊ ဒေသ၊ ပြည်ထောင်စု၊ အာဆီယံဒေသနှင့် ကမ္ဘာကြီးအဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားပါသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြပြီး ညနေပိုင်းတွင် ဆွေးနွေးပွဲပြီးစီးကြောင်း သိရသည်။

By Myanmar Education Guide - EDGE

Latest Post News Read 2070 times