Sales Hotline : 09448001653       Download App



ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ရောဂါအခြေအနေများ ငြိမ်သက်သွားပြီးနောက် ကျောင်းများ ပြန်ဖွင့်

စက်တင်ဘာ ၇ ရက်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ၆ လကြာ ကျောင်းပိတ်ထားခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန ဝန်ကြီး Hang Chuon Naron က စာသင်ကျောင်းများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားကြောင်း ကို ဆိုထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဟု ဆိုရာတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အနေဖြင့် မဖြစ်မနေ နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ရမည်ဖြစ်သည်။ ထို့အပြင်ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆပ်ပြာ သို့မဟုတ် အရက်ပြန်ပါသောဆေးရည် သို့မဟုတ် လက်ဆေးရည်များဖြင့် မကြာခဏလက်ဆေးရမည်ဖြစ်သည်။ စာသင်ခန်း အတွင်း တစ်ဦးနှင့်တစ်ဦး ၁ ဒသမ ၅ မီတာအကွာဖြင့် လူမှုဘဝခပ်ခွာခွာပုံစံဖြင့် စာသင်ကြားရမည်ဖြစ်သည်။

“ စာသင်ခန်းထဲမှာ ကျောင်းသားကျောင်းသူ အယောက်၂၀ ကနေ ၂၅ ထက် မပိုရပါဘူး” ဟု Chuon Naron ကပြောကြားထားပြီး ကျောင်းစည်းကမ်း အသစ်အနေဖြင့် တစ်ပတ်လျှင် ကျောင်းတက်ရက် သုံးရက်အထိ တက်နိုင်ပြီး ကျန်ရက်များတွင် နေအိမ်တွင် နေကာ သင်ယူလေ့လာရမည် ဖြစ်သည်။ ထို့ အပြင် ပညာရေးဝန်ကြီးက ခန္ဓာကိုယ်အပူချိန် ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် သို့မဟုတ် ၉၉.၅ ဒီဂရီ ဖာရင် ဟိုက် ထက်ကျော်လွန်နေသူ မည်သူမဆို ကျောင်းဝင်းထဲ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ နိုင်ငံအတွင်း ယနေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ၂၇၄ ဦးရှိခဲ့ပြီး သေဆုံးသူ တစ်ဦးမျှမရှိကြောင်း နှင့် အဆိုပါလူနာ ၂၇၄ ဦးစလုံး ပြန်လည်သက်သာ ကောင်းမွန်သွားပြီ ဖြစ်ကြောင်းကိုသိရသည်။

 

By Myanmar Education Guide - EDGE

Ref: Xinhua news

Latest Post News Read 702 times