ထိရောက်တဲ့ ကျောင်းစီမံခန့်ခွဲနည်းဆိုင်ရာ အကြံပြုချက်များ

 

ကျောင်းစီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ကျောင်းအပါအဝင် မိဘနှင့်ဆရာဆက်ဆံရေး၊ ကျောင်း၏ပိုင်ဆိုင်မှုများနှင့် ကျောင်း၏ကဏ္ဍများစွာကို စီမံခန့်ခွဲရန် လိုအပ်ပါသည်။ 

 

အချို့သည် ထိုတာဝန်ကို ယူရသည့်အခါ အောင်မြင်ဖို့အတွက် ပြောင်းလဲမှုများစွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု  ထင်ကြပေမယ့် အဆုံးမှာတော့ ယူဆထားသလို မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် သင့်အလုပ်တွင် ထိရောက်မှုရှိစေရန်နှင့် ကျောင်းကို ချောမွေ့စွာ လည်ပတ်စေနိုင်ရန် စီမံခန့်ခွဲနည်းဆိုင်ရာ အကြံပြုချက်များကို ဖော်ပြပေးပါမည်။ 


၁။ တိကျသော ပန်းတိုင်ရှိပါစေ။

ကျောင်းခေါင်းဆောင်များသည် ကျောင်းအတွက် အောင်မြင်နိုင်သည့် ပန်းတိုင်ကို သတ်မှတ်ထားခြင်းမရှိသောကြောင့် (သို့) ပန်းတိုင်သို့ရောက်ရန် သွားရမည့်နည်းလမ်းကို ရှင်းရှင်းလင်းလင်း နားမလည်သောကြောင့် အခက်အခဲရှိနိုင်ပါသည်။ 


သင့်ကျောင်း၏ပန်းတိုင်နှင့် ထိုနေရာသို့ရောက်ရန် လုပ်ဆောင်ရမည့်အဆင့်များကို ဆုံးဖြတ်ရာတွင် သင်တစ်ယောက်တည်းမဟုတ်ဘဲ သင့်အဖွဲ့နှင့်အတူ တိုင်ပင်ပြီး တိုးတက်မှုအတွက် သော့ချက်ကို ရှာဖွေသင့်ပါသည်။ 


ကိုယ်တွေ့အတွေ့အကြုံများအား သုံးသပ်ခြင်း၊ ကျောင်းသားများနှင့် တွေ့ဆုံခြင်း၊ အဖွဲ့ဝင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ဖြင့် မိမိကျောင်းအတွက် အသုံးဝင်မယ့် ပန်းတိုင်ကို သတ်မှတ်ရပါမည်။ ကျောင်းရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ ရှာဖွေသိရှိနိုင်မှ ၎င်းတို့ကို အကောင်ထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်မည်ဖြစ်သည်။ 

 

၂။ ဝန်ထမ်းများအား တာဝန်များ ခွဲဝေပေးခြင်း

ဝန်ထမ်းများကို တာဝန်များခွဲဝေပေးပြီး လုပ်ပိုင်ခွင့်ပေးထားခြင်းဖြင့် သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေနိုင်သည်။ တာဝန်များ ခွဲဝေပေးခြင်းဖြင့် အဖွဲ့ဝင်များ၏ လုပ်နိုင်စွမ်းကို ယုံကြည်ကြောင်းကိုလည်း ပြသသည်။ ထိုအခါ ၎င်းတို့သည် သင့်အပေါ်ကိုလည်း ပိုမိုယုံကြည်မှုရှိလာစေပါသည်။ 

၎င်းတို့ထဲမှ အချို့ကို နောင်တွင် သင်မျက်နှာလွှဲထားနိုင်ကြောင်း သိသောအခါ ဝန်ထမ်းများအနေဖြင့် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာမည့်အပြင် ကျောင်းတာဝန်များကိုလည်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်နိုင်ပါမည်။ 

 

၃။ လူကြိုက်များရန် မမျှော်လင့်ပါနဲ့။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လိုလျှင် လူတိုင်း၏ သဘောကျနှစ်သက်မှုကို မမျှော်လင့်ပါနှင့်။ လူကြိုက်များခြင်းကို ခံလိုခြင်းမှာ လူ့သဘာဝဖြစ်သည်။ ထို့ကြောင့် ကျောင်းအုပ်ချုပ်သူများသည် မျှော်လင့်ချက်များနှင့် လက်တွေ့များကြားတွင် ကွဲလွဲလေ့ရှိသည်။ 

 

ကျောင်းအတွက် ဆုံးဖြတ်ချက်ချသည့်အခါ အချို့မှာ လူအကြိုက်မခံရမည်ကို စိုးရိမ်သောကြောင့် ရည်ရွယ်ချက်များ ယိမ်းယိုင်သွားကြသည်။ တကယ်က လူကြိုက်ရန်ထက် တရားမျှတပြီး အလုပ်တွေကို မှန်မှန်ကန်ကန်လုပ်နိုင်ရန်အတွက်သာ အရေးကြီးပါသည်။ 

 

အချိန်ကြာလာတာနှင့်အမျှ ၎င်းတို့နှင့် ကျောင်းအတွက် သင့်ဆောင်ရွက်ချက်များကို တန်ဖိုးထားလာပါလိမ့်မည်။  ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှုအပေါ်မှာ တည်ဆောက်ထားည့် ရေရှည်တည်မြဲသော ဆက်ဆံရေးတစ်ခုကို ရလိုလျှင် အချိန်ပေးရပါသည်။ ထို့ကြောင့် သင့်အဖွဲ့၏ ယုံကြည်မှုနှင့် လေးစားမှုရရှိရန် အချိန်ယူရပါမည်။

 

၄။ မည်သည့်အရာကိုမျှ အလျင်စလို မပြောင်းလဲပါနှင့်

လူတိုင်းသည် ပိုမိုကောင်းမွန်သောအရွေ့ကို အပြောင်းအလဲများလုပ်ပြီး စတင်ရန် တွေးကြပါသည်။ အပြောင်းအလဲများ လုပ်ရန်ထက် မိမိကျောင်း၏ ပြဿနာများကို ကျောင်းအုပ်ချူပ်သူတစ်ယောက်အနေဖြင့် ဦးစွာ သိရှိနားလည်ရပါမည်။


ထို့ကြောင့် မည်သည့်အရာမျှ မပြောင်းလဲခင် ဝန်ထမ်းများနှင့် ကျောင်းသားများကို သိပြီး ကျောင်း၏ လုပ်ဆောင်ချက်ကို နားလည်ရန် အဓိက လုပ်ဆောင်ပါ။ မဟုတ်ပါက သင်သည် အချိန်ဖြုန်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေသော အရာတစ်ခုကို ပြုပြင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေပါမည်။

 

၅။ ဆရာများ၏ တိုးတက်ဖွံ့ဖြိုးမှုကို လုပ်ဆောင်ပါ။

ဆရာများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် သင့်အား ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်စေသည်။ သင်နှင့် သင့်အဖွဲ့ ပိုကောင်းလေလေ ကျောင်း၏ ပန်းတိုင်ကိုရောက်ရန် ပိုပြီး နီးကပ်လာလေလေဖြစ်ပါသည်။ 

ထို့ကြောင့် သင့်ကျောင်းရည်မှန်းချက်များနှင့် ကိုက်ညီသော ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများပေးပြီး ဆရာများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပါ။ ဥပမာအားဖြင့် သင့်စာသင်ခန်းများတွင် နည်းပညာကို အသုံးပြုလိုပါက နည်းပညာဆိုင်ရာ သင်တန်းပေးမှုများ၊ Workshop အစီအစဉ်များ ပြုလုပ်ပေးသင့်ပါသည်။

ဆရာများ၏ ကျွမ်းကျင်မှု တိုးတက်လာသည့်အခါ သင့်ကျောင်းမှာ ပေးထားသည့် ပညာရေးအဆင့်ကိုလည်း ပိုမိုမြှင့်တင်နိုင်မည်ဖြစ်သည်။ 

 

၆။ ကျောင်းပွဲများ စီစဉ်ပြီး အသိုင်းအဝိုင်းနှင့် ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ပါ။

ကျောင်းအုပ်ချုပ်သူနှင့် ပတ်သက်ဆက်နွယ်နေသည့် လူ့အသိုင်းအဝိုင်းသည် ကျောင်းသားများ၊ မိဘများ၊ ဆရာများ၊ ကျောင်းဝန်ထမ်းများဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အတွက် သင်ရှိနေကြောင်း ယုံကြည်လာစေရန် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် လိုအပ်သည်။

ကျောင်းတွင် ဝန်ထမ်းများနှင့် ကျောင်းသားများအတွက် ပျော်ရွှင်စရာဂိမ်းများ ဖန်တီးကျင်းပပေးခြင်းဖြင့် ၎င်းတို့အား ပျော်ရွှင်စေပြီး ဂရုစိုက်သလို ခံစားလာစေပါသည်။ သို့မှသာ သင့်ကျောင်းတွင် ဝန်ထမ်းများ အလုပ်ထွက်မှု၊ ကျောင်းသားများ ကျောင်းထွက်မှု နည်းပါးမည်ဖြစ်သည်။

မိဘ-ဆရာ အစည်းအဝေးပွဲများ လုပ်ဆောင်ခြင်းဖြင့်လည်း ကျောင်းအပေါ် ကျောင်းသားမိဘများ၏ ယုံကြည်မှုကို ပိုမိုခိုင်မာလာစေနိုင်ပါသည်။

 

၇။ ကျောင်းကို စနစ်တကျ လည်ပတ်နေကြောင်း သေချာပါစေ။

မတူညီသည့် အဖွဲ့အစည်းများနှင့် ကျောင်းကို လည်ပတ်ခြင်းဖြင့် ကျောင်းစီမံခန့်ခွဲမှုတွင် ထိရောက်မှုရှိနိုင်ပါသည်။ ဥပမာ - Marketing၊ PR၊ HR၊ Customer Service၊ Admin စသဖြင့် ပိုင်ခြားထားမည်ဆိုလျှင် သင်သည် မေ့သွားသော အလုပ်များ သို့မဟုတ် မမျှော်လင့်ထားသော ပြဿနာများအတွက် စိတ်ပူစရာမလိုဘဲ အစီအစဉ်များရေးဆွဲကာ ၎င်းတို့နှင့်အတူ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 


ထို့အပြင် ကျောင်းတွင် နည်းပညာအသုံးပြု စီမံခန့်ခွဲခြင်းဖြင့် အချိန်နှင့် လူကို သက်သာစေပါသည်။ ယနေ့ခေတ်တွင် အရာအားလုံးနီးပါးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲနိုင်သည်။ ကျောင်းသားစာရင်းသွင်းခြင်း၊ တန်းခွဲများသတ်မှတ်ခြင်း၊ စာရင်းဇယားများ ပြုလုပ်ခြင်းတို့ကို နည်းပညာဖြင့် ‌ဆောင်ရွက်နိုင်ပါသည်။ 

 

၈။ ဆရာများထံ တုံ့ပြန်ချက်ပေးပါ။

အရည်အသွေးပြည့်ဝသော တုံ့ပြန်ချက်ပေးနိုင်စွမ်းသည် ခေါင်းဆောင်ကောင်းတစ်ဦး၏ စရိုက်လက္ခဏာတစ်ခုဖြစ်သည်။

ထိုအကြံပြုချက်များသည် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် ပိုမိုကောင်းမွန်လာစေရန် ကူညီပေးသည့် အထောက်အပံ့များဖြစ်သည်။ ဆရာမများသည် ပညာရေးတွင် အရေးပါသောကြောင့် ၎င်းတို့အတွက် တုံ့ပြန်ချက်သည် မရှိမဖြစ်လိုအပ်ပါသည်။ 

သင့်တုံ့ပြန်မှုသည် ဆရာများ၏ အချို့သော အပြုအမူများကို ပြုပြင်ရန် သို့မဟုတ် ပိုမိုကောင်းမွန်အောင်ပြုလုပ်နည်းကို အကြံဉာဏ်ပေးတာမျိုး ဖြစ်နိုင်သလို ဆရာများကို ၎င်းတို့လုပ်ဆောင်နေသည့်အရာများအတွက် မှန်ကန်ကြောင်း ချီးကျူးရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ 

ချီးကျူးမှုသည် ၎င်းတို့၏ ယုံကြည်မှုကို တိုးလာစေပြီး သင့်ဆီကနေ ရရှိမည့် ဝေဖန်မှုအတွက်လည်း အမြဲအသင့်ရှိနေမှာဖြစ်သည်။ မှားယွင်းမှုကို တုံ့ပြန်ချက်ပေးသည့်အခါ ၎င်းတို့၏ ရှုံးနိမ့်မှုကို ဖိမပြောဘဲ အပြုသဘောဆောင်သည့် အကြံပြုချက်များကို ပေးနိုင်ရန်အရေးကြီးပါသည်။ 

 

၉။ ကျောင်းသားများကို အဓိကဦးစားပေးပါ။

သင့်ကျောင်းသားများ ပိုပျော်ရွှင်လေ၊ သင့်ကျောင်းက ပိုကောင်းလေလေပါ။ ထို့ကြောင့် သင့်ကျောင်း၏ ရည်မှန်းချက်သည် ကျောင်းသားများ၏ အောင်မြင်မှုနှင့် တိုက်ရိုက် ဆက်စပ်နေသင့်ပါသည်။

 

သင့်ဆုံးဖြတ်ချက်များသည် ၎င်းတို့အပေါ် မည်သို့အကျိုးသက်ရောက်မည်ကို အမြဲစဉ်းစားပါ။ မသေချာပါက ဆရာများနှင့် တိုင်ပင်ပါ သို့မဟုတ် ကျောင်းသားများကိုယ်တိုင်နှင့် တိုင်ပင်ပင်လျှင် ပိုကောင်းပါသည်။ 

 

အကယ်၍ သင်သည် ကျောင်းသားများအပေါ် သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပါက စစ်တမ်းတစ်ခုမှတစ်ဆင့် ၎င်းတို့၏ ထင်မြင်ချက်ကို တောင်းဆိုနိုင်သည်။ ထိုသို့သော စစ်တမ်းသည် ပြသနာနှင့်ပတ်သက်သည့် ၎င်းတို့၏အမြင်များကို သင့်အား သိနိုင်ကြားနိုင်စေမည်ဖြစ်ပါသည်။ 

 

သို့သော် သေချာသည်က ၎င်းတို့အကြိုက်၊ ၎င်းတို့သဘောဆန္ဒအတိုင်း ဆုံးဖြတ်ရန် မဖြစ်နိုင်ပါဘူး။ ကျောင်းသားများ၏ စကားသံကို နားထောင်ရန် လိုအပ်ကြောင်းကိုပဲ သတိပေးခြင်းဖြစ်ပါတယ်။ ကိုယ်ဆုံးဖြတ်ချက်ချသည့်အရာသည် ၎င်းတို့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ရန်၊ ပညာရေးမှာ တိုးတက်ကောင်းမွန်ရေးဖြစ်ရန် လိုအပ်ပါသည်။

 

၁၀။ မိဘတိုင်ကြားချက်များကို ဆရာများနှင့် ဖြေရှင်းခိုင်းပါ။

ကျောင်းစီမံခန့်ခွဲသူတစ်ဦးအနေဖြင့် သင်သည် ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ မိဘများနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားရန် လိုပါသည်။ 

သို့သော်၊ အချို့သောမိဘများသည် ဤအချက်ကို အခွင့်ကောင်းယူကာ ကျောင်းနှင့်ပတ်သက်သည့် ပြဿနာတိုင်းကို မည်မျှပင်သေးငယ်စေကာမူ သင့်ထံယူလာနိုင်ပါသည်။ မိဘများ အသေးအမွှား တိုင်ကြားချက်ရှိပါက ဆရာ့ထံကိုသာ တိုင်းကြားရန် လမ်းညွှန်ပါ။

ဆရာများသည်သာ စာသင်ခန်းအတွင်းနှင့် ကျောင်းသားအခြေအနေကို ပိုမိုထိုးထွင်းသိမြင်နိုင်ပြီး ထိရောက်သောဖြေရှင်းနည်းများကို ပေးဆောင်နိုင်ပါသည်။ 

သို့သော် ဆရာတစ်ဦးနှင့် ပတ်သက်သော တိုင်ကြားမှု (သို့) ကြီးမားသောပြသနာဖြစ်လျှင် သင်ကိုယ်တိုင်ဖြေရှင်းရန် လိုအပ်ပါသည်။ မဖြေရှင်းမီ ဆရာ့နဲ့တွေ့ဆုံပြီး စကားသံကို ဦးစွာ နားထောင်သင့်ပါသည်။ ပြီးမှ မိဘနှင့် တွေ့ဆုံပြီး ပြသနာဖြေရှင်းမည့် နည်းလမ်းကို အချိန်ပေးစဉ်းစားရပါမည်။ 

 

နိဂုံးချုပ်ပြောရမည်ဆိုလျှင် ကျောင်းအုပ်ချုပ်သူကောင်းတစ်ဦးသည် ကျောင်း၏မျှော်မှန်းချက်ကို ရောက်ရှိရန် မည်သည့်အရာကိုမျှ မပြောင်းလဲမီ ကျောင်းနှင့်ပတ်သက်သည်များကို သိရှိရန် ကြိုးစားရပါမည်။ သင့်အဖွဲ့နှင့် ဆက်ဆံရေးကို ကောင်းမွန်စွာ တည်ဆောက်ပြီး ၎င်းတို့ကို အလုပ်တာဝန်များ လွှဲအပ်ပေးခြင်းဖြင့် အခွင့်အရေးပေးရပါမည်။ အရေးကြီးဆုံးသည် ဆရာများ၏ ကျွမ်းကျင်မှု တိုးတက်စေရေးနှင့် သင့်ကျောင်းသားများ၏ အမြင်ကို ဦးစားပေးရပါမည်။ 

-----------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

High Pre-school University / College Read 121 times