Sales Hotline : 09448001653       Download App



ဝေးလံခေါင်ဖျားသောကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများသို့ ကွန်ပျူတာနှင့် ကာလာပရင်တာများ ထောက်ပံ့

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချင်း ပြည်နယ်အတွင်း ဝေးလံခေါင်ဖျား သော ကျေးရွာများရှိ အခြေခံပညာ ကျောင်းများသို့ ကွန်ပျူတာ၊ ကာလာ ပရင်တာ၊ မီးစက်များနှင့် ဆက်စပ် ပစ္စည်းများကို ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် ချင်းပြည်နယ် မြို့နယ်ကိုးမြို့ နယ်ရှိ ဝေးလံခေါင်ဖျားသော ကျေးရွာ များရှိ အခြေခံပညာအထက်တန်း ကျောင်း၊ ကျောင်းခွဲနှင့် အခြေခံပညာ အလယ်တန်းကျောင်း/ကျောင်းခွဲ ၁၅ ကျောင်းသို့ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း ၁၅ စုံ၊ ကာလာပရင်တာ ၁၅ လုံး၊ မီးစက် ၁၅ လုံးတို့ကို ချင်းပြည် နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟားခါး)မှ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းက ချင်းပြည်နယ်ရှိ အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများထံသို့ ချင်းပြည် နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟားခါး) ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ အခြေခံပညာ စာသင် ကျောင်းများသို့ ကျောင်းဝတ်စုံ(ဖြူ/စိမ်း)၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ရွှေသွေး ဂျာနယ်များ ထောက်ပံ့ပေးအပ်လျက် ရှိပြီး ယခုအခါ ကွန်ပျူတာ၊ ကာလာ ပရင်တာ၊ မီးစက်များကို ထပ်မံထောက်ပံ့ပေးခြင်းကြောင့် ဝေးလံခေါင်ဖျားသောကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

Source: The Mirror Daily

Latest Post Read 322 times