မော်လမြိုင်ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး ပိုလီတက္ကနစ်တက္ကသိုလ်(မော်လမြိုင်)အား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီ (၂၂) ရက်နေ့တွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်)သို့ သွားရောက်၍ ပိုလီတက္ကနစ်တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။
သို့ရာတွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်) ဒုတိယပါမောက္ခချုပ်က ပိုလီတက္ကနစ်တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် အကြီးစား ပြင်ဆင်မှု၊ အသစ်ဆောက်လုပ်မည့် အဆောက်အဦးများ၊ လမ်းများ၊ ဘောလုံးကွင်း၊ Mech. Workshop နှင့် အဝင်မုခ်ဦး တည်ဆောက်ခြင်းနှင့် Landscaping ပြုလုပ်ခြင်း ဆောင်ရွက်မည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
နိုင်ငံတကာတွင် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မီ ပိုလီတက္ကနစ်တက္ကသိုလ်များစွာရှိပြီး မိမိတို့အနေဖြင့်လည်း ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး ပိုလီတက္ကနစ်တက္ကသိုလ်တည်ထောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် တက္ကသိုလ်တစ်ခုတည်းတွင် အင်ဂျင်နီယာဘွဲ့နှင့် ကွန်ပျူတာဘွဲ့သင်တန်းများ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေးကွာခြားမှုမရှိကြောင်း ပြောကြားခဲ့သည်။
အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် ပိုလီတက္ကနစ်တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
Source - ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန