Placement Test ကြောင့် ကျောင်းသား (၁) သိန်းခွဲ ပြန်လည်ကျောင်းတက်နိုင်

ယခုနှစ်တွင် စတင်ကျင်းပသည့် Placement Test (အထူးအစီအစဉ်) ကြောင့် ကျောင်းပြင်ပရောက် မူလတန်းနှင့် အလယ်တန်းကျောင်းသား (၁၅၀,၀၀၀) ခန့် ကျောင်းများသို့ ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြားချက်အရ သိရသည်။

၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်သူအရေအတွက်မှာ သိသာထင်ရှားစွာ ကျဆင်းလျက်ရှိနေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကုစားမည့်အစီအမံ ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းဆင့် ကျောင်းသားဦးရေ ကျဆင်းရခြင်းမှာ ၂၀၁၉ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့၍ ကျောင်းများ ယာယီပိတ်ခဲ့ရသည်။ ကိုဗစ်-၁၉ နှင့် နိုင်ငံရေးအခြေအနေများဖြစ်ခဲ့သည့် ပညာသင်နှစ်တွင်သာ အထက်တန်းဆင့်ကျောင်းသားဦးရေ သိသာစွာကျဆင်းခဲ့သသည်။

သို့သော် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ထိ အထက်တန်းဆင့် တက်ရောက်သော ကျောင်းသား (၃၄၀,၀၀၀) ခန့် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း ဖြေကြားခဲ့သည်။

အထက်တန်းဆင့်သင်ကျောင်းသားဦးရေ တိုးတက်လာရေးသည် မူလတန်းနှင့် အလယ်တန်းဆင့် ကျောင်းသားဦးရေ တိုးတက်မှုပေါ်တွင် မူတည်သည်ဖြစ်ရာ ယခုနှစ်တွင် Placement Test (အထူးအစီအစဉ်) ကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ Placement Test အစီအစဉ်ကြောင့် ကျောင်းပြင်ပရောက် မူလတန်းနှင့် အလယ်တန်းကျောင်းသား (၁၅၀,၀၀၀) ခန့် ကျောင်းများသို့ ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်ပြီး အထက်တန်းအဆင့်ကျောင်းသားဦးရေလည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

အခြေခံပညာအထက်တန်းဆင့်တွင် တက်ရောက်ခြင်းမရှိဘဲ ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ စီးပွားရေး၊ လူမှုရေး၊ ဒေသအခက်အခဲ စသည့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတက်ရောက်နိုင်သူများအတွက်လည်း Grade 10 နှင့် Grade 11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို နှစ်စဉ်မေလတွင် ကျင်းပပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများ အောင်မြင်သူများသည် Grade 12 (တက္ကသိုလ်ဝင်စာမေးပွဲ)တွင် ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ရရှိပြီး အောင်မြင်ပါက အဆင့်မြင့်ပညာ ဆက်လက်သင်ယူခွင့် ရရှိမည်ဖြစ်သည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 40 times