Sales Hotline : 09448001653   Find A Tutor     Download App



ဆေးတက္ကသိုလ် နှင့် သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ် သင်တန်းများ ဖွင့်လှစ်ရန် ခွင့်ပြု

ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း (ခ) (နောက်ဆက်တွဲ) သင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများဖွင့်လှစ်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့သဖြင့် မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။ 

ဆက်စပ် ဖတ်ရှုရန်>>> ဆေးတက္ကသိုလ်(၂) နောက်ဆုံးအမ်ဘီဘီအက်စ် အပိုင်း(ခ) သင်တန်းဖွင့်ရန် ရက်ကြေညာ 

သင်တန်းများဖွင့်လှစ်ရာတွင် COVID-19 ကာကွယ်ရေးစည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲဖက်သင်ကြား သွားမည်ဖြစ်ကြောင်း ၊ဆရာ/ ဆရာမများ၊ သင်တန်းသား/သူများ အနေဖြင့် လက်တွေ့သင်ကြားမှုများ၊ လူနာများအား စမ်းသပ်ရာ၌လည်းကောင်း၊ အဖွဲ့ငယ်များဖွဲ့၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခြင်း ကိစ္စရပ်များ၌လည်းကောင်း စိတ်ဝင်စားမှုများသဖြင့် COVID-19 ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန် ကိစ္စများအား မေ့လျော့သွားသည်များ ရှိနိုင်ကြောင်း၊ ယခုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများအား တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းများကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇန်နဝါရီ ၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ဆေးနှင့် ဆေးပညာနှီးနွှယ်ဘာသာရပ်တိုင်း၌ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်လုံလောက်စွာရှိမှသာလျှင် ပြည်သူများအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလမှစကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင်ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းစုစုပေါင်း ၁၃၆ မျိုး၌ တက်ရောက်နေသူပေါင်း ၃,၀၂၈ ဦးရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုအခြေအနေသည် အနည်းငယ် လျော့နည်းလာသော်လည်း လုံးဝပေါ့ဆ၍မရကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတကာမှ လေကြောင်းဖြင့်ဝင်ရောက်လာသူ အားလုံးကို (၂) ပတ် အသွားအလာကန့်သတ်ပြီး RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုကိုလည်း (၂) ကြိမ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၅ ရက်ထိ COVID-19 လူနာပေါင်း ၁၂၇,၅၈၂ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၀,၈၀၅ ဦး နှင့် သေဆုံးလူနာ ၂,၇၆၆ ဦး ရှိကြောင်း သိရသည်။

Source: Xinhua

By Myanmar Education Guide(EDGE) 

Latest Post Government School News Read 7729 times