ကျောင်းပြင်ပပညာရေးမှ အခြေခံပညာကျောင်းများသို့ ကူးပြောင်းတက်ရောက်နိုင်

ကျောင်းပြင်ပပညာရေးဆိုသည်မှာ သင်ရိုးညွှန်းတမ်းများကို အခြေခံ၍ သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန်  ကျောင်းပညာရေးစနစ်၏ ပြင်ပတွင် ကျောင်းသားများ၏ လိုအပ်ချက်နှင့်အညီ စည်းရုံးသင်ကြားပေးသော ပညာရေးဖြစ်သည်။

ကျောင်းပြင်ပပညာရေးသင်ကြားပေးမှုအစီအစဉ်

ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်နေသည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည်  နှစ်စဉ်  ဇူလိုင်လအတွင်း  ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ်အသက်အုပ်စုနှင့်ကိုက်ညီသူများ)ကို သက်ဆိုင်ရာလျာထားမြို့နယ်အသီးသီး၏ ကျောင်းပြင်ပပညာရေး စခန်းများတွင် တက်ရောက်သင်ယူခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိသည်။

အဆိုပါစခန်းများသို့ ကျောင်းပြင်ပပညာရေးတက်ရောက်နေသည့် ကလေးများအပြင် ကျောင်းပညာရေးတက်ရောက်ရာမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်မတက်ရောက်နိုင်သည့် ကလေးများကိုလည်း သတ်မှတ်အုပ်စုအတွင်း ရောက်ရှိနေပါက လက်ခံသင်ကြားပေးလျက်ရှိနေသည်။

ကျောင်းပြင်ပပညာရေးသည် ပညာရေးကို လိုလားသူများအတွက် ပထမအကြိမ် ဆုံးရှုံးခဲ့ရသည့် အခွင့်အလမ်းကို ဒုတိယအကြိမ် အခွင့်အလမ်း ပေးသည့်  ပညာရေးဖြစ်သဖြင့် သမားရိုးကျမဟုတ်ဘဲ ပြုလွယ်ပြင်လွယ် အစီအစဉ်များဖြင့်  နောက်ခံအခြေအနေမတူညီကြသော သင်ယူလိုသူများ၏ လိုအင်ကို ဖြည့်ဆည်းပေးနေသည့်  ပညာရေးအစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ 

တန်းညှိပညာရေး

တန်းညှိပညာရေးအစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေးအစီအစဉ်အရ သင်ယူရရှိသည့် ပညာအဆင့်အတန်း (Grade) ကို ကျောင်းပညာရေးအဆင့်အတန်းများနှင့် အရည်အချင်း ညှိနှိုင်းသတ်မှတ်ပေးသော အစီအစဉ်တစ်ခုဖြစ်သည်။

အပြန်အလှန်ကူးပြောင်းသင်ကြားခွင့်

နိုင်ငံတော်အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးခဲ့ရသော ကလေးများ၊ ကျောင်းချိန်ကာလအတွင်း ကျောင်းမတက်၊ ကျောင်းမနေနိုင်ခဲ့သည့်  ကျောင်းပြင်ပရောက် သက်လွန်ကလေးများကို ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန်အတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education - NFPE) နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education - NFME)  အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသည်။

ကျောင်းပြင်ပမူလတန်းပညာရေးတွင် Level-1 နှင့် Level-2 ရှိ‌ပြီး ပညာသင်နှစ် (၂) နှစ် သင်ယူပြီးမြောက်ပါက အခြေခံပညာကျောင်းပညာရေးသို့  ဆက်လက်ကူးပြောင်းသင်ယူနိုင်ရန်အတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတို့က သင်ယူပြီးမြောက်ခြင်း  လက်မှတ်ထုတ်ပေးလျက်ရှိသည်။ 

ကျောင်းပြင်ပမူလတန်းပညာရေး Level-1 ပြီးမြောက်ပါက  အခြေခံပညာမူလတန်းအဆင့် Grade-4 သို့လည်းကောင်း၊ Level-2 ပြီးမြောက်ပါက အခြေခံပညာအလယ်တန်းအဆင့် Grade-6 သို့လည်းကောင်း ဆက်လက်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းပြင်ပအလယ်တန်းပညာရေးတွင် Level-1 မှ Level-3 အထိ (၃) နှစ် တက်ရောက်ပြီးမှသာလျှင် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသည်။  ၎င်းလက်မှတ်ဖြင့်  အခြေခံပညာအထက်တန်းအဆင့် Grade- 10 သို့လည်းကောင်း၊ သက်မွေးပညာကျောင်းများသို့လည်းကောင်း  ဆက်လက်တက်ရောက် သင်ယူနိုင်ခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းပြင်ပပညာရေးတက်ရောက်နိုင်သည့် အသက်ကန့်သတ်ချက်များ

ကျောင်းပြင်ပမူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက် (၁၀) နှစ်မှ (၁၄) နှစ်အတွင်း ကလေးများသည် NFPE Level-1 (ပထမအဆင့်) နှင့် NFPE Level-2 (ဒုတိယအဆင့်)တို့ကို တက်ရောက်နိုင်သည်။

ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲရှိသောကလေးများ၊  အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်မပြီးမီ  ကျောင်းထွက်ခဲ့ရသော  (၁၃) နှစ်မှ (၁၈) နှစ်အတွင်းရှိ   ကလေးများသည်  အခြေခံပညာ အထက်တန်းအဆင့်သို့  ကူးပြောင်းသင်ယူနိုင်ရန်နှင့်  အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ပြီး ဘဝရှေ့ရေးသာယာစေရန်အတွက် NFME Level-1၊ NFME Level-2၊ NFME Level-3 တို့ကို တက်ရောက်နိုင်သည်။

ကျောင်းပြင်ပပညာရေး၏ ဝင်ခွင့်အတွက်စစ်ဆေးခြင်း

မူလတန်းပညာရေးကို ပြီးဆုံးအောင်မတက်ခဲ့ရသည့် ကလေးများသည် ကျောင်းပြင်ပမူလတန်းပညာရေးကို တက်ရောက်မည်ဆိုပါက အရည်အချင်းစစ်ဆေးလွှာ (Test Card) ဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး တာဝန်ရှိသူများက Level သတ်မှတ်ပေးပြီးနောက်  သက်ဆိုင်ရာစခန်းတွင်  သင်ကြားသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။  

ထို့အတူ အလယ်တန်းပညာရေးမပြီးဆုံးသေးသော  ကလေးများသည်လည်း   ကျောင်းပြင်ပအလယ်တန်းပညာရေးကို  တက်ရောက်မည်ဆိုပါက NFPE Level -2 ပြီးမြောက်သူနှင့် ပဉ္စမတန်းအောင်သူများသည်  NFME Level – 1 သို့လည်းကောင်း၊ ဆဋ္ဌမတန်းအောင်သူများသည် NFME Level – 2 သို့လည်းကောင်း၊ သတ္တမတန်းနှင့် အဋ္ဌမတန်းအောင်သူများသည် NFME Level – 3 သို့လည်းကောင်း တက်ရောက်သင်ယူနိုင်ခွင့် ရရှိကြမည်ဖြစ်သည်။

ကျောင်းပြင်ပပညာရေးလုပ်ငန်း၏ အောင်မြင်မှုအသီးအပွင့်များ

ကျောင်းပြင်ပပညာရေးလုပ်ငန်းကို   အကောင်အထည်ဖော်နိုင်ရန်အတွက်  ပညာရေးဝန်ကြီးဌာနအောက်တွင်  ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သော ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ  ကျောင်းပြင်ပမူလတန်းကလေးငယ် (၅၄,၂၈၀) ဦးအား လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကလေးငယ် (၁,၉၉၉) ဦးအားလည်းကောင်း သင်ကြားသင်ယူခွင့်များ ရရှိစေခဲ့သည်။

အထက်ဖော်ပြပါ  ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားသင်ယူခွင့်ရရှိခဲ့သော ကလေးငယ်များအနက် ထူးခြားအောင်မြင်ခဲ့သူများအနေဖြင့် ၂၀၁၆ မှ ၂၀၂၃ ခုနှစ်အထိ ကျောင်းပြင်ပမူလတန်းပျိုးထောင်မှုမှတဆင့်  အခြေခံပညာအထက်တန်းအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ (၁၂၃) ဦးရှိခဲ့ပြီးဖြစ်သည်။ 
ဆောင်းပါးရှင် - TZT (MoE) (မြ၀တီသတင်း)

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 42 times