စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်သည့် သက်မွေးပညာအား သင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် လက်မှုရွာသင်တန်းကျောင်းကို နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
တစ်နေရာတည်းတွင် သက်မွေးပညာရပ်မျိုးစုံကို လေ့လာနိုင်ရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းစေရန် ရည်ရွယ်၍ လက်မှုရွာသင်တန်းကျောင်းအသစ်ကို ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။
အဆိုပါ လက်မှုရွာသင်တန်းကျောင်းတွင် အုန်း၊ ငှက်ပျော၊ ဗေဒါ၊ မြက်နှင့် ဝါး စသည့် စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် ပညာရပ်များအပြင် ရက်ကန်းပညာရပ်များကိုပါ လေ့လာသင်ကြားနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
အဆိုပါ ပညာရပ်များကို နိုင်ငံတစ်ဝှမ်းက သက်မွေးပညာကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအပြင် အသင်းအဖွဲ့များနှင့် ကျေးလက်များမှ ပြည်သူများ လေ့လာနိုင်မည်ဖြစ်သည်။
"မြန်မာနိုင်ငံမှာ စွန့်ပစ်ပစ္စည်းကနေ လူသုံးကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်တဲ့ သီးသန့်နေရာမရှိတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ သက်မွေးပညာ သင်ကြားလိုသူတွေ တတ်မြောက်အောင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးလမ်းမမှာ လက်မှုရွာသင်တန်းကျောင်းကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လက်မှုရွာလိုပဲ မြန်မာနိုင်ငံမှာလည်း လက်မှုပညာသင်တန်းကျောင်းကို ပညာရှင်တွေ စုပေါင်းပြီး ဆောင်ရွက်ထားတာပါ။
လက်မှုရွာမှာ လက်မှုပစ္စည်းမျိုးစုံ ထုတ်လုပ်တဲ့အပြင် လာရောက်လေ့လာသူတွေနဲ့ သင်ကြားတွေသူကို သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်တွေက အလှည့်ကျ သင်ကြားပေးပြီး ရှင်းလင်းပြသမှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။" ဟု Green Banana Myanmar တည်ထောင်သူ ဦးမြင့်ဦးက ပြောသည်။
စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပစ္စည်းများကို နေရာများစွာမှ ထုတ်လုပ်ခြင်းထက် တစ်နေရာတည်းမှ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း/ပြည်ပ စျေးကွက်သို့ အရည်အသွေးကောင်းမွန်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်းနှင့် လက်မှုပညာရွာမှ သက်မွေးပညာသင်တန်းများအား နိုင်ငံတစ်ဝှမ်းမှ လာရောက်ကြည့်ရှုပြီး လေ့လာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
Source - မြန်မာ့အလင်း