နီပေါ ပညာရေးဝန်ကြီး ဂီရီရတ်ဂျ်မန်နီပိုခါရယ်လ်၌ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ရာ ဗိုင်းရပ်စ် ကူးစက်ခံရသော ဒုတိယမြောက် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဖြစ်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။
အနည်းငယ်ဖျားနာမှုကြောင့် အောက်တိုဘာ ၁၀ ရက်တွင် ဆေးရုံတင်ခဲ့ရသည့် ဂီရီရတ်ဂျ်အား စစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ဦးဆောင်သော အစိုးရအဖွဲ့၌ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ဝန်ကြီး ဂီရီရတ်ဂျ်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နီပေါနိုင်ငံ၌ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၇၇၅၀ နှင့် သေဆုံးသူ ၆၃၆ ဦးရှိကြောင်း သိရသည်။ နီပေါခရီးသွားလုပ်ငန်းဝန်ကြီး ယိုဂတ်စ်ဘတ်တာရိုင်းက ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အောက်တိုဘာ ၁၀ ရက်တွင် လူမှုကွန်ရက်၌ ကြေညာခဲ့ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူအားလုံး သတိပြုကြရန် မေတ္တာရပ်ခံခဲ့သည်။
ဟိမဝန္တာတိုင်းမ်သတင်းစာ၏အဆိုအရ ဘတ်တာရိုင်းနှင့် ဂီရီရတ်ဂျ်တို့ နှစ်ဦးစလုံးက အောက်တိုဘာ ၈ ရက်တွင်ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Source: The Mirror Daily