မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား Naypyitaw State Academy ၌ ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက်နေ့တွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နားလည်မှုစာချွန်လွှာ (MoU) ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန်နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမို တိုးတက်ခိုင်မာမှုရှိလာစေရန် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများအတွက် လိုအပ်မည့် ရူပဗေဒနှင့် ဓာတုဗေဒဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံးသိပ္ပံပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးကိရိယာများနှင့် အထောက်အကူပြု ဆော့ဖ်ဝဲများအပါအဝင် ခေတ်မီပစ္စည်းကိရိယာများကို အိန္ဒိယမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အိန္ဒိယဘက်မှ ယခုလို ဓာတ်ခွဲခန်းသုံးခေတ်မီပစ္စည်းကိရိယာများကို ထောက်ပံ့ပေးခြင်းဖြင့် Naypyitaw State Academy ၏ သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်မှုများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး နားလည်မှုစာချွန်လွှာ (MoU) ကို ဒုတိယဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
Source - ပညာရေးဝန်ကြီးဌာန