အသက်မွေးဝမ်းကြောင်းပညာရပ်များနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရေးကို ရည်ရွယ်၍ Grade-9 ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၈၉) ကျောင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စုစုပေါင်း (၈၉) ကျောင်း ဖွင့်လှစ်ထားသည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို တက်ရောက်လိုပါက အခြေခံပညာကျောင်းများနှင့်အတူ မေလ (၂၂) ရက်ကနေ ဇွန် (၁) ရက်နေ့အထိ ကျောင်းဝင်ခွင့်လျှောက်ရန် သတ်မှတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ပါက ဆက်လက်လက်ခံ ဆောင်ရွက်ပေးမည်ဟု သိရသည်။
သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် ပြဌာန်းစာအုပ်များ၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ထောက်ပံ့ပေးလျက်ရှိပြီး ပညာသင်ထောက်ပံ့ကြေးအဖြစ် ကျောင်းသားတစ်ဦးကို ကျပ် (၁) သောင်းနှုန်းဖြင့် (၁၀) လအတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနမှတဆင့် သိရသည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၅၁) ကျောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (၃၄) ကျောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် (၄) ကျောင်း ထပ်မံ ဖွင့်လှစ်ခဲ့ရာ စုစုပေါင်း (၈၉) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါကျောင်းများတွင် အခြေခံပညာအထက်တန်းအဆင့်ဖြစ်သည့် Grade-10၊ Grade-11၊ Grade-12 တို့ကို တက်ရောက်ရမည့်အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကြောင်း အတတ်ပညာများကိုပါ တွဲဖက်သင်ကြားရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-10 တွင် စက်မှုအတွက် (၄,၀၅၆) ဦး၊ စိုက်ပျိုးရေးအတွက် (၁,၁၅၇) ဦး၊ မွေးမြူရေးအတွက် (၇၃၇) ဦးနှင့် Grade-11 တွင် စက်မှုအတွက် (၂,၂၉၉) ဦး၊ စိုက်ပျိုးရေးအတွက် (၇၉၄) ဦး၊ မွေးမြူရေးအတွက် (၅၂၅) ဦးတို့ တက်ရောက်အောင်မြင်ခဲ့ပြီးဖြစ်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၁၈) ရက်နေ့မှ မေလ (၂၆) ရက်နေ့အတွင်း ကျောင်းသားစုစုပေါင်း (၉,၂၄၇) ဦး ကျောင်းအပ်နှံထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းများတွင် (၃) နှစ် တက်ရောက်ပြီး အဆင့်မီဖြင့်အောင်မြင်ပါက သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာရပ်အလိုက် ကောလိပ်များ၊ တက္ကသိုလ်များကို ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်သည်။
Source - MRTV
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအတွက် လျှောက်လွှာခေါ်ယူခြင်း
>> https://www.edge.com.mm/article/tech-agriculture-livestock-high-schools.html?