Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများအားလုံး မေလ (၂၃) ရက်နေ့တွင် ကျောင်းအပ်လက်ခံမည်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ မူလတန်းမှ အထက်အတန်းအဆင့် အခြေခံပညာကျောင်းများတွင် မေလ (၂၃) ရက်နေ့မှ စ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ 

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ Grade 1 မှ Grade 11 အထိ စာမေးပွဲအောင်စာရင်းများကို ဧပြီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းဖွင့်မည့်အချိန်မှာ ဇွန်လ (၃) ရက်နေ့ဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်း အခြေခံပညာဦးစီးဌာန အရာရှိတစ်ဦးထံမှ သိရသည်။ 

 

ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများကို အခမဲ့ ဖြန့်ဝေပေးသွားမည့် အစီအစဉ်များရှိကြောင်းကိုလည်း သိရပါသည်။ 

 

အကြောင်းတစ်စုံတစ်ရာကြောင့် ကျောင်းအပ်ရက်သတ်မှတ်အချိန်အတွင်း ကျောင်းအပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းတက်ရန် အဆင်ပြေမည့် နေရာဒေသတွင် မြို့နယ်ပညာရေးမှူးထောက်ခံချက်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့်အတူ နောက်ဆုံးတက်မြောက်အောင်မြင်ခဲ့သည့် အတန်းပညာရေး အထောက်အထားများကို တင်ပြပြီး ကျောင်းအပ်နှံနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။ 

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခက်အခဲအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူများကို ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါဖြေလျှော့မှုမျိုးကို ထပ်မံပေးနိုင်ကြောင်း သိရပါသည်။ 

 

Source - DVB 

Latest Post Local News Read 287 times