၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ (၂၄) ရက်နေ့တွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဘာသာစုံဂုဏ်ထူးရှင် (၁၉၆) ဦးနှင့် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြားများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။
ထို့အပြင် ယခင်နှစ်ကဲ့သို့ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်ပလေ့လာရေးခရီးစဉ်များ စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီး၏ ဆိုးရွားသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း တက္ကသိုလ်များ၊ ကျောင်းများကို အခက်အခဲများကြားမှ သင်ကြားရေးအဆက်မပြတ်ရန် ပုံမှန်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် (၄၈.၀၆%) ရှိခဲ့ကြောင်း အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထူးချွန်မောင်မယ်များအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင် အလေ့အကျင့်ကောင်းများနှင့် အစွမ်းကုန်ကြိုးစားခဲ့ကြသလို အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူရာတွင်လည်း မိမိတို့ စိတ်ဝင်စားသည့် ပညာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်ပြီး အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် (၂) ခုစလုံးကို တန်ဖိုးထား လေ့လာကြရန် မှာကြားခဲ့သည်။
Source - ပြန်ကြားရေးဝန်ကြီးဌာန