Sales Hotline : 09448001653    



၂၀၂၅ ပညာသင်နှစ်အတွက် သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနလက်အောက်ရှိ သူနာပြု/သားဖွား/နှီးနွယ်သင်တန်းကျောင်းများတွင် ၂၀၂၅ ပညာသင်နှစ်အတွက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းတို့ကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ အင်တာနက်စာမျက်နှာတွင် ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်။

 

လျှောက်လွှာပုံစံထုတ်ယူရန်

>> https://www.hrh.gov.mm/uid


လျှောက်လွှာများကို မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

 

လျှောက်ထားသူများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
  • တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ (၂၀၂၄ ခုနှစ် မတိုင်မီ အောင်မြင်ထားသူများသာ လျှောက်ထားနိုင်သည်)
  • လျှောက်လွှာပိတ်သည့် ၁၆-၈-၂၀၂၄ ရက်တွင် အသက်(၂၅)နှစ်ထက် မကြီးရ။
  • ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
  • အိမ်ထောင်မရှိသူ (အပျို/လူပျို) ဖြစ်ရမည်။
  • အနည်းဆုံးအရပ် (၅)ပေ ရှိရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • သင်တန်းအောင်မြင်ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။
  • ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင် လျှောက်လွှာမူရင်းကို မိမိသက်ဆိုင်ရာဦးစီးဌာန အကြီးအကဲမှတဆင့် လျှောက်ထားရပါမည်။ 

 

သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းအတွက် ကျပ်ရှစ်သိန်းတိတိ၊ ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်းအတွက် ကျပ်သုံးသိန်းတိတိ ပေးလျော်နိုင်သူဖြစ်ရမည်။

 

သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့်/အထူးကိစ္စရပ်ဖြင့်) ရွေးချယ်သူများကို နိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို/ လိုအပ်ချက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်တွင် အနည်းဆုံး(၃)နှစ်နှင့် ပညာသင်ထောက်ပံ့ကြေးခံစားထားသူများအတွက် အနည်းဆုံး (၅) နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံကတိရေးထိုးရမည်ဖြစ်သည်။

 
လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို တစ်ပါတည်းပူးတွဲတင်ပြရမည်။

  • မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မိတ္တူ) (၁)စောင်။
  • မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်းအောင် ရမှတ်စာရင်း (မူရင်း) (၁) စောင်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) (၁)စောင်။
  • ပြစ်မှုကင်းရှင်းကြောင်း၊အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာရဲစခန်းထောက်ခံစာ(မူရင်း)(၁)စောင်။ 
  • အိမ်ထောင်မရှိသူ၊ အပျို/လူပျို ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်(သို့) ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူးရုံး(အုပ်ချုပ် ရေးမှူး/အတွင်းရေးမှူး)၏ ထောက်ခံစာ(မူရင်း) (၁)စောင်။ 
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်းသက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန၏ ဆေးထောက်ခံစာ (မူရင်း ) (၁)စောင်။
  • ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင် တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံစာ(မူရင်း) (၁)စောင်။
  • လျှောက်လွှာပုံစံ‌တွင် လိုင်စင်ဓါတ်ပုံ (၁) ပုံ ကပ်ပြီး နောက်ထပ် ဓာတ်ပုံ(၂)ပုံကို ပူးတွဲပေးပို့ရမည်။ (၆-လအတွင်း ရိုက်ကူးထားသော ပီပြင်ထင်ရှားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံဖြစ်ရမည်။ အပိုဓာတ်ပုံ (၁) ပုံ နောက်ကျောတွင် လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ မိဘ အမည်၊ နေရပ်များရေးရမည်။)

 

(မှတ်ချက်။ ထောက်ခံစာများအားလုံးတွင် ထောက်ခံပေးသူ၏ အမည်၊ လက်မှတ်၊ ရာထူးတံဆိပ်တုံး၊ ရုံးတံဆိပ်ဝိုင်း ပါရှိရမည်။)


အောက်ပါအချက်များနှင့် ငြိစွန်းသည့် လျှောက်လွှာများကို ရွေးချယ်ရေးလုပ်ငန်းစဉ်တွင် လုံး၀ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

  • ရှင်းလင်းပီသစွာနှင့် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်း မရှိသည့် လျှောက်လွှာများ။
  • သတ်မှတ်ချက် စာရွက်စာတမ်း မပြည့်စုံသည့် လျှောက်လွှာများ။ 
  • သက်ဆိုင်ရာ တိုင်ဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေဦးစီးဌာနသို့ လိပ်မူ၍ လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများ 
  • လျှောက်လွှာပိတ်ရက်ထက် နောက်ကျပေးပို့သည့် လျှောက်လွှာများ။ 

 

သင်တန်းတက်ရောက်ခွင့်ရရှိသူများ အမည်စာရင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် အောက်ဖော်ပြပါ ဌာနများ၌ ကြေညာပေးထားမည်ဖြစ်သည်။

  • နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
  • သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန
  • တက်ရောက်ခွင့်ရသည့် သက်ဆိုင်ရာ သင်တန်းကျောင်းများ

 

(မှတ်ချက် - သင်တန်းစတင်ဖွင့်လှစ်ပြီး (၂) ပတ်အတွင်း သတင်းပို့တက်ရောက်ခြင်းမရှိက သင်တန်းတက်ခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။)

 

သင်တန်းတက်ရောက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/အဝေးသင် တက်နေသူဖြစ်လျှင် သင်တန်းကာလအတွင်း (တက္ကသိုလ်/ကောလိပ်/အဝေးသင်) ပညာသင် ရပ်နားခွင့်ပြုကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်/အကြီးအကဲ၏ ထောက်ခံစာမူရင်းကို တက်ခွင့်ရမည့် သင်တန်းကျောင်းသို့ ပေးအပ်နိုင်ရမည်။ (သင်တန်းတက်စဉ် ကာလအတွင်း အခြားမည်သည့်လက်မှတ်ရ သင်တန်းမဆို လုံးဝတက်ခွင့်မပြုပါ)။

 

သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများကို တက်ခွင့်ရသည့် သင်တန်းကျောင်း၏ ကျန်းမာရေးစစ်ဆေးရေးကော်မတီမှ ထပ်မံကျန်းမာရေးစစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်မှသာ သင်တန်းတက်ခွင့် အတည်ပြုမည်ဖြစ်သည်။

 

အသေးစိတ်စုံစမ်းသိရှိလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ (သူနာပြုဌာန) (ဖုန်း- ဝ၆၇-၄၁၁၁၄၈၊ ၄၁၁၄၉၊ လိုင်းခွဲ-၈ဝ၈၊ ၈၃၁) များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Latest Post Local News Vocational Read 716 times