လွိုင်ကော်တွင် ပညာရေးကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့အား ဦးစားပေးဖွင့်လှစ်မည်

 

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအား စီမံဆောင်ရွက်လျက်ရှိရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) တို့အား ဦးစားပေး ဖွင့်လှစ်ရန် လျာထားခြင်းဖြစ်သည်။ 

 

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ (၈) ရက်နေ့တွင် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) သို့ သွားရောက်၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ကျောင်း (၂) ကျောင်းသို့ သွား၍ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဆရာ/ဆရာမဝန်ထမ်းအိမ်ရာများ၊ ခန်းမဆောင်နှင့် ကျောင်းစာကြည့်တိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

 

ဆက်လက်၍ ကျောင်းအစည်းအဝေးခန်းမဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသအခြေအနေအရ ပိတ်ထားခဲ့ရသော လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ကျောင်း (၂) ကျောင်းအတွက် စာသင်ဆောင်များ၊ ရုံးခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဝန်ထမ်းများ၏ နေအိမ်များ၊ သန့်စင်ခန်းများတွင် ဆောင်ရွက်ပေးရမည့် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အဆောင်များ၏ အမိုးနှင့် မျက်နှာကျက်များ၊ ပြတင်းတံခါးများ ပြုပြင်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့ကို အမြန်ဆုံးဆောင်ရွက်ရန် မှာကြားခဲ့သည်။ 

 

ထို့နောက် ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာသင်ကြားရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ကျောင်းများပြန်လည်တက်ရောက် သင်ကြားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအားလုံးက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Source - ပြန်ကြားရေးဝန်ကြီးဌာန

 

Latest Post Local News Read 72 times