မြန်မာ့ပထမဆုံး AI အခြေပြု ဆေးတက္ကသိုလ်အား ကိုးကန့်တွင် ဖွင်လှစ်မည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် မြန်မာ့ပထမဆုံး AI အခြေပြု ဆေးတက္ကသိုလ်အပြင် အဆင့်မြင့် နည်းပညာနှင့် ကွန်ပျူတာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းများမှာ လောက်ကိုင်မြို့တွင် ဖွင့်လှစ်မည့် Laukkai University of Medicine, Nursing and Health Sciences (LUMNHS)၊ ကွတ်ခိုင်မြို့နယ်တွင် ဖွင့်လှစ်မည့် နည်းပညာအထက်တန်းကျောင်း၊ သိန္နီတွင် ဖွင့်လှစ်မည့် ပညာရေးကောလိပ်နှင့် မြေနေရာရှာနေဆဲဖြစ်သည့် ကွန်ပျူတာတက္ကသိုလ်တို့ပဲ ဖြစ်သည်။

Laukkai University of Medicine, Nursing and Health Sciences (LUMNHS) ကို မြန်မာနိုင်ငံ၏ ပထမဆုံး AI Integrated University အဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းတက္ကသိုလ်အောက်တွင် ဆေးကျောင်း၊ သူနာပြုကျောင်းနှင့် ကျန်းမာရေးသိပ္ပံကျောင်းတို့ ပါဝင်ပါမည်။

AI ပေါင်းစပ်ထားသည့် အဆိုပါတက္ကသိုလ်၏ သင်ရိုးညွှန်တမ်းကို နိုင်ငံတကာဆေးကျောင်းများတွင် သင်ရိုးရေးဆွဲပေးနေသော အတွေ့အကြုံရှိပြီးသား ပါမောက္ခတစ်ဦးမှ ဦးဆောင်ရေးဆွဲပေးမည်ဖြစ်ပြီး သင်ကြားရေးပိုင်းကိုလည်း ဒေသတွင်းရှိ အထူးကုဆရာဝန် (၃၀) ကျော်က တာဝန်ယူထားကြောင်း သိရသည်။

ဆေးကျောင်းကို ၂၀၂၇ ခုနှစ် နှစ်ဦးပိုင်းတွင် ကျောင်းသား (၅၀) ဦးဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အနည်းဆုံး (၅) နှစ်ခွဲ (ဘွဲ့ကြို ၄ နှစ်ခွဲနှင့် အလုပ်သင် ၁ နှစ်) တက်ရောက်ရမည်ဖြစ်သည်။

သူနာပြုကျောင်းကို လာမည့် ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကျောင်းသား (၅၀) ဦးဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ထမအသုတ်ကို ယခင်သင်ရိုးဟောင်းဖြင့် သင်ကြားမည်ဖြစ်သော်လည်း ဒုတိယအသုတ်မှ စတင်ကာ AI Integrated Curriculum ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်ကြောင်း သိရသည်။ 

အလားတူ ဆေးသိပ္ပံကျောင်းအား ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန်အတွက် ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစောဆုံး ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။

ထို့ပြင် လူငယ်များ အလုပ်အကိုင်ရရှိစေရန်အတွက် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စက်မှု၊ မော်တော်ယာဉ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက်နည်းပညာရပ်များကို အထက်တန်းပညာရေးနှင့် တွဲဖက်သင်ကြားပေးမည့် နည်းပညာအထက်တန်းကျောင်းကိုလည်း ကွတ်ခိုင်မြို့တွင် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ဖွင့်လှစ်မည်။

ပညာရေးကောလိပ်ကို သိန္နီမှာ ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပတ်စဉ် (၁) စတင်ကာ PhD နှင့် MSc ဘွဲ့ရ ဆရာ၊ ဆရာမကြီးများက ဦးဆောင်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ်ကို ၂၀၂၇ ခုနှစ် နှောင်းပိုင်းတွင် ဖွင့်လှစ်ရန် လျာထားပြီး လက်ရှိတွင် မြေနေရာရွေးချယ် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

Source - NP News၊ Myanmar Press Photo Agency 

Latest Post Local News University / College Read 1752 times