Sales Hotline : 09448001653       Download App



သင်ရိုးသစ်တွင် အခြေခံပညာအတန်းသုံးတန်းကို သင်ရိုးသစ်သင်ပြနည်းဖြင့် ပြောင်းလဲသင်ကြားမည်

အခြေခံပညာများဖြစ်သည့်  Grade-5 (ပဉ္စမတန်း)၊ Grade-8 (အဋ္ဌမတန်း)၊ Grade-11 (ဧကာဒသမတန်း) စသည့် အတန်းများအတွက် သင်ရိုးသစ်များကို ပြောင်းလဲရေးဆွဲထားပြီးဖြစ်ရာ သင်ကြားပြသပေးမည့် ဆရာ၊ ဆရာမများအတွက် သင်ပြနည်းသင်တန်းကို Face to Face Training နှင့် အွန်လိုင်း Training များဖြင့် ကပ်ရောဂါအခြေအနေအရ ဖွင့်လှစ်မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားထားသည်။ 

ပညာရေးဝန်ကြီးဌာနမှ အဆိုပါ အတန်းသုံးတန်းအတွက် သင်ရိုးညွှန်းတမ်းသစ်များကို ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၊ ဥရောပသမဂ္ဂ(EU) တို့၏ ပံ့ပိုးမှုဖြင့် ရေးဆွဲပြီးစီးသွားပြီဖြစ်ကြောင်း  ဆိုထားသည်။ 

ထို့အပြင် ၎င်းသင်ရိုးသစ် သင်ပြနည်းအတွက် တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများကို သင်တန်းပို့ချပေးမည်ဖြစ်ပြီး ဗဟိုအဆင့်၊ ကျောင်းအဆင့် ဆင့်ပွားသင်တန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာဆောင်ရွက်မည်ဟု ဆိုပါသည်။ 

အွန်လိုင်းသင်တန်းများအတွက် တစ်ဦးချင်းစီသည် ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုစီနှင့် တစ်ဦးချင်းစီအိမ်၊ ရုံး စသည့်နေရာသီးသန့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး Face to Face Training ဖွင့်လှစ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရယူပြီး လူ ၃၀ ထက်မပိုဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ဆိုသည်။

‘‘Grade 5၊ 8၊ 11 က သင်ရိုးသစ် ပြီးသွားပြီ။ ဆရာ၊ ဆရာမ တွေကို သင်တန်းပေးဖို့၊ အွန်လိုင်းနဲ့ Face to Face သင်တန်းနှစ် မျိုးဖွင့်ဖို့ လုပ်နေတယ်။ အသေးစိတ်ကတော့ ညှိနှိုင်းတုန်းပဲ’’ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

COVID-19 ကပ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားသော်လည်း သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲမှုများကို မရပ်တန့်ဘဲ ဆက်လက်ဆောင်ရွက်နေပြီး မူလသတ်မှတ်ထားသည့်အတိုင်း ၂၀၂၂-၂၃ ပညာသင်နှစ်တွင် အခြေခံပညာအတန်းအားလုံးအတွက် သင်ရိုးညွှန်းတမ်းအသစ်ကို အပြီးရေးဆွဲမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက 7Day News သတင်းစာအား ပြောကြားထားသည်။ 

သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲမှု၊ ပြဋ္ဌာန်းစာအုပ်ရိုက်နှိပ်မှု များကို သတ်မှတ်ကာလအတွင်း အပြီးဆောင် ရွက်မည်ဖြစ်သော် လည်း ကျောင်းသားကျောင်းသူ များအား သင်ကြားမည့်အစီအ စဉ်သည် ကျောင်းများ ပြန်ဖွင့် သည့်အပေါ် မူတည်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ဆို သည်။ 

ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေးကို ယခင် သူငယ်တန်း+၁၀ တန်းစနစ်ကို ကျင့်သုံးခဲ့ရာမှ ၂၀၁၆-၁၇ ပညာသင် နှစ်ကစကာ သူငယ်တန်း+၁၂ တန်းစနစ်သစ်ကို စတင်ပြောင်းလဲခဲ့သည်။ စနစ်သစ်အရ ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင်ကာ သူငယ်တန်း (KG)၊ ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း (Grade-1)၊ ၂၀၁၈-၁၉ ပညာသင်နှစ်၌ ဒုတိယတန်း (Grade- 2)၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တတိယတန်း (Grade-3) နှင့် စတုတ္ထတန်း(Grade-6) တွင် ကျောင်းသားကျောင်းသူများအား သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သင်ကြားခဲ့သည်။ 

ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အထက်တန်းအဆင့်အ တန်းများ ကျောင်းတစ်လကျော် ဖွင့်လှစ်ခဲ့စဉ်က ဒသမတန်း (Grade-10)ကို သင်ရိုးသစ် ပြောင်းလဲသင်ကြားနေပြီး စတုတ္ထတန်း(Grade-4) နှင့် သတ္တမတန်း (Grade-7) တို့ကိုလည်း သင်ရိုး သစ်ပြောင်းလဲသင်ကြားရန် စီစဉ် ထားသည်။

လာမည့် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပဉ္စမတန်း (Grade-5)၊ အဋ္ဌမတန်း (Grade-8)နှင့် ဧကာဒသမတန်း (Grade-11)၊ ၂၀၂၂-၂၃ ပညာသင်နှစ် တွင် နဝမတန်း( Grade-9) နှင့် ဒွါဒသမတန်း( Grade-12) တို့ကိုစနစ်သစ်သင်ရိုးညွှန်းတမ်များဖြင့် ပြောင်းလဲမည်ဟု သတ်မှတ်ထားသည်။

Source: 7Day News 

By Myanmar Education Guide (EDGE) 

Latest Post Government School News Read 5862 times