Sales Hotline : 09448001653       Download App



ကျောင်းများပြန်ဖွင့်မည်ဆိုပါက တစ်ပြိုက်နက် ပြန်မဖွင့်သေး 

စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်မည်ဟု ဆိုသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဖွင့်လှစ်ရန်မှာ မဟုတ်သေးကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ပြီးခဲ့သည့်  ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်မှာ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန ကြားတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု မူတည်၍ ကျောင်းများ ပြန်လည် ဖွင့်မည့်အကြောင်းအရာများ ဖြစ်ပါသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ရောဂါဖြစ်ပွားမှုနည်းသည့် မြို့နယ်များ၊ လူဦးရေနည်းသည့် နေရာများ၊ ရွှေ့ပြောင်းနေထိုင်သူနည်းသည့် နေရာများမှစ၍ အဆင့်လိုက် စတင်ဖွင့်လှစ်ရန် အကဲဖြတ်ဆန်းစစ်မှု ပုံစံ (Checklist) များဖြင့် ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သေးသည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် ပတ်သက်၍ နေရာဒေသအလိုက် COVID-19 ဖြစ်ပွားမှု အခြေအနေ၊ ကူး စက်ပျံ့နှံ့မှုအရှိန်အဟုန်၊ ကူးစက်ပျံ့နှံ့မှုနေရာဒေသ၊ မြို့နယ်အရေအတွက်၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုပမာဏတို့ကို သုံးသပ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ အဆုံးအဖြတ်ကို ရယူပြီးမှ ဖွင့်လှစ်မည်လည်း ဖြစ်သည်။

စာသင်ကျောင်းများနှင့် တက္ကသိုလ်များ မည်သည့်အချိန်တွင် ပြန်ဖွင့်မည် ဆိုသည့်အချက်သည် ပြည်သူများ၏ COVID19 ကာကွယ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု အတိုင်းအတာအပေါ် မူတည်နေပြီး ပညာသင်ကြားခွင့်များ ဆုံးရှုံး နောက်ကျရခြင်းမရှိစေရန် မိဘပြည်သူများအားလုံးက COVID-19 ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာကြမှ သာလျှင် စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးကထပ်လောင်း ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထက်တန်းကျောင်း ၇၀ဝ၀ ကျော် ရှိသည့်အနက် လေ့လာဆန်းစစ်ချက် ၈၀ နှင့်ကိုက် ညီသော ကျောင်းပေါင်း ၆၅၀၀ ကျော်ကို ဇူလိုင် ၂၁ မှ ဩဂုတ် ၂၇ အထိ ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၂၈ တွင် ပြည်တွင်းကူး စက်မှုများ မြင့်မားလာသည့်အတွက် ပြန်လည်ပိတ်ခဲ့ရသည်။

Source: The Voice Myanmar 

By Myanmar Education Guide (EDGE) 

Latest Post Government School News Read 2137 times