အမေရိကန်မှာ ပညာသင်ရင်း လုပ်ငန်းအတွေ့အကြုံပါ ရရှိမယ့် (၁) နှစ် ပရိုဂရမ်

အမေရိကန်သံရုံး(မြန်မာ)က ၂၀၂၇-၂၀၂၈ ပညာသင်နှစ်အတွက် ဘွဲ့ရ မြန်မာနိုင်ငံသားတွေ လျှောက်ထားလို့ရတဲ့ Hubert H. Humphrey Fellowship အကြောင်းကို ကြေညာထားပါတယ်။

Hubert H. Humphrey Fellowship ဆိုတာက ဘွဲ့ရပြီးသား လုပ်ငန်းအတွေ့အကြုံ (၅) နှစ်နှင့်အထက်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ကို စေလွှတ်ပြီး ဘွဲ့လွန်အဆင့် ပညာရပ်တွေကို သင်ယူရင်း သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံတွေကို လေ့လာဆည်းပူးစေမှာ ဖြစ်ပါတယ်။ 

လေ့လာနိုင်မယ့် ပညာရပ်ကဏ္ဍများ

  • Communications and Journalism (ဆက်သွယ်ရေးနှင့် သတင်းပညာ)
  • Law and Governance (ဥပဒေနှင့် အုပ်ချုပ်ရေး)
  • Natural Resources Policy (သဘာဝ သယံဇာတ မူဝါဒ)
  • Public and Economic Policy (လူထုနှင့် စီးပွားရေး မူဝါဒ)
  • Public Health Policy and Management (ပြည်သူ့ကျန်းမာရေး မူဝါဒနှင့် စီမံခန့်ခွဲမှု)
  • Technology Policy and Management (နည်းပညာမူဝါဒနှင့် စီမံခန့်ခွဲမှု)

ပညာသင်ဆုကာလက (၁) နှစ် ဖြစ်ပြီး ရွေးချယ်ခံရသူတွေဟာ တက္ကသိုလ် (၁၃) ခုမှာ စာတွေ့ပိုင်းကို လေ့လာရမှာဖြစ်ပြီး အမေရိကန်အခြေစိုက် အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၆) ပတ်ကြာ လုပ်ငန်းခွင် ပူးတွဲလုပ်ကိုင်ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ (၅) နှစ်ရှိတဲ့ အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများ၊ တက္ကသိုလ်ဆရာ/ဆရာမများနှင့် အခြားစိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါတယ်။

အရည်အချင်းသတ်မှတ်ချက်များ

  • မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်ရမည်။
  • သက်ဆိုင်ရာနယ်ပယ်တွင် အချိန်ပြည့်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၅) နှစ် ရှိရမည်ဖြစ်ပြီး မိမိအထူးပြုသည့် နယ်ပယ်၏ မူဝါဒရေးရာကဏ္ဍများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။
  • ခေါင်းဆောင်မှုအရည်အသွေးများ၊ အများပြည်သူအကျိုး လုပ်ဆောင်ခဲ့သည့် မှတ်တမ်းနှင့် လုပ်ငန်းခွင်တိုးတက်မှုအတွက် အလားအလာကောင်းများ ရှိကြောင်း ပြသနိုင်ရမည်။
  • ရွေးချယ်ခံရပါက အစီအစဉ်တွင် ပါဝင်ရန် အလုပ်ရှင် (သို့မဟုတ်) အထက်လူကြီးထံမှ စာဖြင့်ရေးသားထားသော ခွင့်ပြုချက် ပါရှိရမည်။
  • အင်္ဂလိပ်စာ အရည်အချင်းစစ်ဆေးမှု ရလဒ်ကောင်းမွန်ရမည်။ အနည်းဆုံးရမှတ်များအနေဖြင့် TOEFL (72) / Duolingo (100) / IELTS (6.0) ရှိရန် လိုအပ်သည်။ 
  • အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့ဖူးခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံ မရှိသလောက် နည်းပါးသူ (သို့မဟုတ်) လုံးဝမရှိသူ ဖြစ်ရမည်။
  • ပရိုဂရမ် (၁) နှစ် တက်ရောက်ပြီးပါက အမိနိုင်ငံသို့ ပြန်လာပြီး လူထုအသိုင်းအဝိုင်းကို အမှန်တကယ် အကျိုးပြုနိုင်သည့်သူဖြစ်ရမည်။

ထောက်ပံ့ကြေးများ

  • နိုင်ငံတကာနှင့် ပြည်တွင်း ခရီးစရိတ်များ
  • ကျောင်းလခနှင့် တက္ကသိုလ်ကြေးများ
  • မတော်တဆထိခိုက်မှုနှင့် ကျန်းမာရေးအာမခံကြေး 
  • လစဉ်စရိတ်
  • ပညာရေးဆိုင်ရာပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုအတွက် ထောက်ပံ့ကြေးများ

လျှောက်ထားမှုပုံစံ

စိတ်ပါဝင်စားသူတွေက အောက်ပါလင်ခ့်ကနေတဆင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက် နောက်ဆုံးထားပြီး လျှောက်လွှာတင်သွင်းရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို စိစစ်သုံးသပ်ပြီးနောက် ဆန်ခါတင်ရွေးချယ်ခံရတဲ့ လျှောက်ထားသူတွေကိုသာ ဆက်သွယ်သွားမှာ ဖြစ်ပါတယ်။

> https://apply.iie.org/apply/

ပရိုဂရမ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စုံစမ်းမေးမြန်းလိုပါက ပြည်သူ့သံတမန်ရေးရာဌာန ဖုန်းနံပါတ် 01-7536509 (လိုင်းခွဲ 4377) ကို ဖုန်းဆက်ပြီး ဖြစ်စေ [email protected] ကို အီးမေးလ်ပေးပို့ပြီးဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်

> https://mm.usembassy.gov/hubert-h-humphrey-fellowship/?

==============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 76 times