ကိုင်တွယ်ရခက်တဲ့ ကျောင်းသားတွေကို သင်ဘယ်လို စီမံသင်ကြားမလဲ?

သင့်စည်းကမ်းချက်တွေကို မလိုက်နာတဲ့ ကျောင်းသားတွေ၊ မကောင်းတဲ့အပြုအမူတွေ လုပ်လေ့ရှိတဲ့ ကျောင်းသားတွေကို တွေ့ကြုံရတဲ့အခါ သင်ဘာလုပ်မလဲ?

တခါတလေမှာ ကျောင်းသားတွေရဲ့ အမူအကျင့်ဆိုးတွေကို စီမံခန့်ခွဲရတာက ဆရာ၊ ဆရာမတွေအတွက် စိတ်ပင်ပန်းစရာ ဖြစ်စေပါတယ်။ ဒီလို စိန်ခေါ်မှုရှိတဲ့ ကျောင်းသားတွေကို အပြစ်ပေးခြင်းထက် အောက်ဖော်ပြပါ နည်းလမ်းတွေကို သုံးပြီး စီမံခန့်ခွဲခြင်းက ပိုမို ထိရောက်ပါတယ်။

၁။ အကြောင်းအရင်းကို နားလည်ပေးပါ။

ကျောင်းသားတွေ အပြုအမူမကောင်းတာက အာရုံစိုက်ခံချင်လို့၊ သင်ခန်းစာမလိုက်နိုင်လို့၊ မိသားစု (သို့) စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိနေလို့ပါ။ အပြုအမူဆိုတာ ဆက်သွယ်ပြောဆိုမှုတစ်ခုဖြစ်တာကြောင့် သူဘာကြောင့် ဒါမျိုးလုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကို သိဖို့ ကြိုးစားပါ။ ဒီအပြုအမူက ဘယ်အချိန်တွေမှာ အများဆုံးဖြစ်တတ်လဲ (ဥပမာ - သင်ခန်းစာအသစ်တက်ချိန်) ဆိုတာ စဉ်းစားကြည့်ပါ။ 

၂။ စည်းကမ်းချက်တွေကို သတ်မှတ်ပါ။

လိုက်နာရမယ့် စည်းကမ်းချက်တွေကို အပြုသဘောဆောင်တဲ့ ပုံစံနဲ့ စာသင်ခန်းအတွင်း ရေးသားထားပါ။ မလုပ်ရဘူးဆိုတဲ့ အငြင်း​တွေထက် ဘာတွေ လုပ်လို့ရနိုင်လဲဆိုတာကို မြင်သာအောင် ဖော်ပြပါ။ ဥပမာ - စကားကျယ်ကျယ်မပြောရ ဆိုတာထက် စကားတိုးတိုးပြောပါ ဆိုတာမျိုး ရေးသင့်ပါတယ်။ စည်းကမ်းချိုးဖောက်ရင် ရလာမယ့် အကျိုးဆက်ကိုလည်း နားလည်အောင် ပြောပြပေးပါ။

၃။ ကောင်းတဲ့အပြုအမူကို ချီးကျူးပါ။

မကောင်းတာတွေကိုပဲ မြင်နေတာထက် ကျောင်းသားဘက်က ကောင်းတာတစ်ခုခု လုပ်လိုက်တာနဲ့ ချီးကျူးပေးပါလို့ အကြံပြုပါတယ်။ အရင်ကထက် အပြုအမူကောင်းလာတာ၊ ကြိုးစားလာတာကို ဆရာ၊ ဆရာမဘက်က အသိအမှတ်ပြုပါ။ ဒီလိုကနေတဆင့် ကျောင်းသားဘက်ကလည်း ဆရာ၊ ဆရာမနဲ့ ဆက်ဆံရေး ပိုမို ကောင်းလာပြီး ယုံကြည်မှု ပိုရှိလာစေပါတယ်။ 

၄။ လူရှေ့မှာ မဆူပါနဲ့။

လူအများရှေ့မှာ ဆူမိရင် ကလေးတွေက ရှက်ပြီး စိတ်ဒဏ်ရာလည်း ရစေနိုင်ပါတယ်။ ဒါ့အပြင် ဆရာ၊ ဆရာမအပေါ် အမြင်မကြည်ဖြစ်ပြီး ပိုပြီး ဆန့်ကျင်လာနိုင်ပါတယ်။ ဒါကြောင့် အတန်းထဲမှာ မဆူဘဲ ကျောင်းသားနဲ့ တစ်ယောက်တည်း စကားပြောကြည့်ပါ။ အပြစ်ပေးတာထက် သူတို့ လိုအပ်ချက်နဲ့ အခက်အခဲကို အရင် နားထောင်ပေးပါ။

၅။ ရွေးချယ်စရာများပေးပါ။

ကျောင်းသားတွေက ကိုယ်စာသင်နေတဲ့အခါ စကားပြောတာ၊ အာရုံမစိုက်တာမျိုး ဖြစ်နေရင် စာသင်တာကို ချက်ချင်း ရပ်လိုက်ပြီး ရွေးချယ်စရာ နှစ်ခုပေးပါ။ ဥပမာ - စာသင်တာကို လိုက်နားထောင်မှာလား၊ သင်ပြီးသားစာတွေ ပြန်မေးရမလား စတဲ့ ကိုယ်လုပ်စေချင်တာနဲ့ ကလေးတွေ မလုပ်ချင်လောက်မယ့်အရာကို ရွေးချယ်စရာအဖြစ် ပေးလိုက်ပါ။ ဒါဆိုရင် သေချာပါတယ် သူတို့ မလုပ်ချင်တာကို ပယ်ပြီး ကိုယ်လုပ်စေချင်တာကိုပဲ ရွေးရတော့မှာပါ။

၆။ တာဝန်ပေးပါ။ 

အပြုအမူဆိုးရှိတဲ့ ကလေးတွေကို လုံး၀ ပစ်မထားပါနဲ့။ အရမ်းဆော့ပြီး စကားများတဲ့ ကလေးတွေဆိုရင် စာအုပ်ဝေခိုင်းတာ၊ ကျောက်သင်ပုန်းဖျက်ခိုင်းတာ၊ အသင်းခေါင်းဆောင်လုပ်ခိုင်းတာ စတဲ့ လုပ်ငန်းဆောင်တာလေးတွေကို တာဝန်ပေးကြည့်ပါ။ သူတို့အနေနဲ့လည်း မိမိကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး အမူအကျင့်ကောင်းလေးတွေကို ရလာစေနိုင်ပါတယ်။

၇။ မိဘနဲ့ ပူးပေါင်းပါ။ 

မိဘကို ခေါ်တွေ့ပြီး ပြဿနာအဖြစ် တိုင်တောတာမျိုး မလုပ်ဘဲ ဆွေးနွေးတိုင်ပင်စရာကိစ္စအဖြစ် ပြောပြပါ။ ကလေးကတော့ ကျောင်းမှာ ဒီလို အပြုအမူတွေရှိနေတယ်၊ အိမ်မှာရော ဘယ်လို အခြေအနေရှိလဲ၊ ဒါကို မိဘနဲ့ ဆရာက ဘယ်လို ပံ့ပိုးကူညီရမလဲဆိုတာ ဆွေးနွေးတိုင်ပင်ပါ။ ကျောင်းသားဘက်က အခြေအနေ တိုးတက်လာပြီဆိုရင်လည်း မိဘတွေကို ပြန်လည် မျှဝေပေးပါ။

၈။ မိမိကိုယ်ကို ဂရုစိုက်ပါ။

နောက်ဆုံးအရေးကြီးတာကတော့ သင်ကိုယ်တိုင်ပါပဲ။ ဒီလို ကျောင်းသားတွေကို ကိုင်တွယ်ရတာက သင့်စိတ်ကို ပင်ပန်းနွယ်နယ်စေပါတယ်။ ဒေါသကို ရှေ့တန်းမတင်ဘဲ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ခဏစိတ်အေးအေးထားပါ။ စကားလုံးကြမ်းကြမ်းတွေ မပြောမိပါစေနဲ့။ အပေါ်မှာ ပြောပြခဲ့တဲ့ အချက်တွေအတိုင်း သင့်တော်သလို လုပ်ဆောင်ပါ။ 

ဒီလိုကျောင်းသားတွေကို "ဆိုးတဲ့ကလေး" အဖြစ် မြင်တတ်တဲ့စိတ်ကို ရှောင်ပါ။ သူတို့ရဲ့ အပြုအမူက ဆိုးရွားနိုင်ပေမဲ့ သူတို့ကိုယ်တိုင်ကလည်း လမ်းပြမှု၊ နားလည်မှုနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်နေတဲ့ ကလေးဖြစ်နေဆဲပါ။ ဒါကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ခက်ခဲတယ်ဆိုရင်တောင် စိတ်ရှည်မှု၊ လုံ့လနဲ့ စေတနာတို့ကို အရင်းခံပြီး ပြုပြင်မယ်ဆိုရင် အပြုအမူဆိုးရှိတဲ့ ကျောင်းသားတွေကလည်း ပြောင်းလဲလာနိုင်ပါတယ်။ 

High Pre-school Primary Secondary Read 15 times