Sales Hotline : 09448001653       Download App



အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း GTI (တောင်ဒဂုံ) ဖွင့်လှစ်တော့မည်

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၀၅)ရပ်ကွက် လှော်ကားလမ်းမကြီးနှင့် ဂရုဏာလမ်း ထောင့်ရှိ     အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (G.T.I) တည်ဆောက်မှု    ရာနှုန်းပြည့်နီးပါး   ပြီးစီးနေပြီဖြစ်ပြီး ဖွင့်လှစ်ခွင့်ရရှိပါက ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားကြောင်း အဆိုပါကျောင်း ကျောင်းအုပ်ကြီးလည်းဖြစ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ ကျောင်းအုပ်ကြီးဖြစ်သူ ဆရာဦးမြတ်ကိုက ကြေးမုံသို့ ပြောကြားသည်။

“အခုက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနက  ခွင့်ပြုချက်တွေရမှ  ဖွင့်လို့ရမှာ ဆိုတော့ လာမယ့်ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ဖို့ လျာထား တယ်။ ကိုဗစ် အခြေအနေပေါ်မူတည်ပြီး      အစိုးရစက်မှု လက်မှုသိပ္ပံ (တောင်ဒဂုံ)ကို  ဖွင့်လှစ်သွားမယ်။   လာမယ့် ပညာသင်နှစ်   ဖွင့်လှစ်ခွင့်ရပါက ဖွင့်လှစ်နိုင်ရေးအတွက် လည်း    ပြင်ဆင်ဆောင်ရွက်ထားပါတယ်”ဟု   ၎င်းက ပြောသည်။

လက်ရှိတည်ဆောက်မှုအပိုင်းအနေဖြင့် သုံးထပ်ပင်မ စာသင်ဆောင်၊ အလုပ်ရုံဆောင် သုံးဆောင်၊ ဝန်ထမ်းအိမ်ရာ နှစ်ဆောင်တို့မှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ဆက်လက် ၍ ဝန်ထမ်းအိမ်ရာအဆောင်သစ် နှစ်ဆောင် ဆောက်လုပ် ခြင်း၊   ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောင်းရှေ့မျက်နှာစာ ကွန်ကရစ်ကြမ်းခင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်း ဖွင့်လှစ်ပြီးပါက သင်ကြားမှုအပိုင်း အနေဖြင့် ပုံမှန်သင်တန်းနှင့် ကျွမ်းကျင်မှုအခြေပြု ကာလတို သင်တန်းဟူ၍   နှစ်မျိုးသင်ကြားပေးမည်ဖြစ်ကြောင်း၊ ပုံမှန်သင်တန်းမှာ သုံးနှစ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး တက်ရောက်ပြီးပါက AGTI Diploma လက်မှတ်ကို ရရှိမည် ဖြစ်ကြောင်း၊ ပုံမှန်သင်တန်းတွင် အဓိကဘာသာရပ်ငါးမျိုး ရှိပြီး   ၎င်းတို့မှာ   Civil Engineering၊  Electronics Engineering၊      Electrical Power Engineering၊ Mechanical Engineering၊  Information Technology Engineering   စသည်တို့ဖြစ်ကြောင်း၊   ပုံမှန်သင်တန်း တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင် ပြီးသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများမှ အထူးအောင်မြင်သူများ၊ စင်ကာပူ - မြန်မာ သက်မွေးပညာ သင်တန်းကျောင်းမှ   အထူးအောင်မြင်သူများဖြစ်ရမည် ဖြစ်ပြီး    တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများထဲမှ အင်္ဂလိပ်စာနှင့် သင်္ချာနှစ်ဘာသာပေါင်းရမှတ် အနည်းအများ အပေါ်မူတည်ကာ စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းမှာ ပုံမှန်သင်တန်းကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်မြင်စရာ မလိုဘဲ သက်မွေးပညာသင်တန်းတစ်ခုအနေဖြင့် သင်ကြား ပေးမည်ဖြစ်ပြီး အဆိုပါဒေသရှိ လူငယ်လူရွယ်များအားလုံး မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ ကာလတိုသင်တန်း တွင် သင်ကြားပေးမည့်သင်တန်းများမှာ အိမ်တွင်းလျှပ်စစ် ဝိုင်ယာသွယ်တန်းခြင်းသင်တန်း၊  စက်ရုံပိုင်းဆိုင်ရာ စက်ကိရိယာများ  ထိန်းချုပ်တပ်ဆင်ခြင်းသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊  တွင်ခုံ/ဖောက်ခုံသင်တန်း၊ အိမ်တွင်းလက်မှု လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ် ခြင်းနည်းပညာသင်တန်း၊ အသုံးချအခြေခံအီလက်ထရွန် နစ်သင်တန်း၊ Programmable Logic Control သင်တန်း၊ Auto CAD သင်တန်း၊ Basic Industrial Wiring သင်တန်း၊ Pneumatic၊ Electro Pneumatic and Hydraulic သင်တန်းတို့ဖြစ်ကြောင်း၊ ထို့ပြင် စက်မှုဇုန်များ၏ လိုအပ် ချက်အရ ဖွင့်ပေးရန် တောင်းဆိုလာသည့် သင်တန်းများ ကိုလည်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်ကလည်း သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရေးကို တောက်လျှောက်ဦးတည်ဆောင်ရွက်နေပါတယ်။ ဒီကျောင်း က မရှိမဖြစ် အရေးပါတဲ့ကျောင်းဖြစ်တယ်။ မရှိမဖြစ် အရေး ပါတဲ့ အသက်မွေးဝမ်းကျောင်း   ပညာရပ်တွေကို   အဲဒီ ကျောင်းတွေကနေ ပညာတွေ သင်ကြားပေးသွားမယ်”ဟု  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ဒဂုံ)ကျောင်းမှာ ၁၅ ဒသမ ၄၄၈ ဧကကျယ်ဝန်းပြီး ဖွင့်လှစ်ပြီးပါက တစ်နှစ်လျှင် ကျောင်းသားဦးရေ  ၂၀၀ နှင့် ၂၅၀ ကြား   ပုံမှန်ဖွင့်လှစ် သင်ကြားနိုင်ရန် လျာထားကြောင်း၊ ထို့ပြင်  ကျောင်းနှင့်   စက်ရုံအလုပ်ရုံများ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကျောင်း အချင်းချင်း  ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သက်မွေးပညာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး  စသည့်   ကိစ္စများကို လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းပေါင်း လက်ရှိဖွင့်လှစ်ရန်    ပြင်ဆင်ထားသည့်   ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မပါ ၂၅ ကျောင်းနှင့် အစိုးရနည်းပညာ ကောလိပ်ကျောင်း သုံးကျောင်းရှိပြီး နိုင်ငံအတွက် သက်မွေး ပညာသင်တန်းကျောင်းများသည်     များစွာအကျိုးရှိကာ များစွာလိုအပ်လျက်ရှိကြောင်း၊ လူငယ်များတွင် သက်မွေး ပညာတတ်မြောက်သည့်သူ   နည်းပါးပြီး  လူတိုင်းနီးပါး သက်မွေးပညာတတ်မြောက်ရန် လိုအပ်ကြောင်း၊ သက်မွေး ပညာတတ်မြောက်မှသာ မိမိခြေထောက်ပေါ် မိမိရပ်တည် မည်ဖြစ်သည့်အတွက် သက်မွေးပညာသည် မရှိမဖြစ်လိုအပ် ကြောင်းကျောင်းအုပ်ဆရာကြီး ဦးမြတ်ကိုက ပြောသည်။ 

Source; The Mirror Daily 

By Myanmar Education Guide (EDGE) 

News Read 4847 times