Sales Hotline : 09448001653       Download App



ရှမ်းပြည်နယ်ရှိ လူငယ်များအတွက် အခွင့်အလမ်းကောင်းများရနိုင်သည့် အခမဲ့ သက်မွေးသင်တန်းကျောင်းများ 

အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့နဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ အသက်မွေးနိုင်ဖို့ ရည်ရွယ်ပြီး ရှမ်းပြည်နယ်မှာ အခမဲ့ သက်မွေးပညာ သင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းတက်မယ့် သူတွေကို ထောက်ပံ့ကြေးအနေနဲ့ ၁ ရက် ၃၀၀၀ ကျပ် ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ သင်တန်း စီစဉ်သူတွေက ပြောပါတယ်။

အဲဒီ သင်တန်းတွေကို ဆွစ်ဇာလန်နိုင်ငံမှ ဖောင်ဒေးရှင်း တစ်ခုဖြစ်တဲ့ Swisscontact က ဒေသခံလှုမှုဖွံ့ဖြိုးရေး အသင်း အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပြီး သင်တန်းတွေဟာ အမှန်တကယ် တတ်ကျွမ်းမှုကို ဦးစားပေးတာဖြစ်တဲ့ အတွက် လူဦးရေ ကန့်သတ်ထားပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကာ သင်တန်းတက်မယ့် သူတွေအနေနဲ့ ငွေကြေးပေးသွင်းဖို့ မလိုအပ်တဲ့အပြင် သင်တန်းတက်နေစဉ်အတွင်း ထောက်ပံ့ကြေး အနေနဲ့ ၁ ယောက်ကို ၁ ရက် ၃၀၀၀ ကျပ် ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဖွင့်လှစ်မယ့် သက်မွေးပညာ သင်တန်းတွေမှာ

  • အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်း၊
  • စက်ချုပ်သင်တန်း၊
  • ဆံပင်နဲ့ မိတ်ကပ် အလှပြုပြင် သင်တန်းနဲ့
  • ကျေးလက် စက်ပြင်သင်တန်း စတဲ့ သင်တန်းတွေအပြင်
  • ဘဝတွက်တာ ကျွမ်းကျင်မှု ဆိုင်ရာ ပညာရပ်တွေဖြစ်တဲ့ ဘေးကင်း လုံခြုံစွာ ရွှေ့ပြောင်းနေထိုင်ခြင်း၊
  • စီးပွားရေး၊ ကျန်းမာရေးနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း စတဲ့ သင်ခန်းစာတွေလည်း ပါဝင်ပြီး အလုပ်အကိုင် ရှာဖွေရေးအတွက် ဆွေးနွေး အကြံပြုခြင်းနဲ့ အခြား နောက်ဆက်တွဲ ပံ့ပိုးမှုတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

Swisscontact မှ တာဝန်ရှိသူ တစ်ဦးက“အခြေအနေ အမျိုးမျိုးတော့ ရှိတယ်။ ကိုဗစ်ရဲ့ ခွင့်ပြုမိန့်လည်း ရှိနေတယ်ပေါ့ နော်။ အဲ့ဒီတော့ သင်တန်းက အစက ဇန်နဝါရီမှာ စဖို့ မှန်းထားပေမယ့် အပြောင်းအလဲ ရှိတယ်။ နောက်ကျဖို့ပဲ ရှိတယ်။ အခု လုပ်နိုင်တာက ဒီ လျှောက်လွှာဝေထားတဲ့ တစ်ခုပဲပေါ့နော်။ ဒီဘက်က ပညာရေးဘက်က ကျောင်းတွေ ပြန်ခွင့်ဖွင့် ပြုပြီဆိုမှပဲ လုပ်လို့ရမှာပါ”လို့ ပြောပါတယ်။

အဲဒီ သင်တန်းတွေ အတွက် လျှောက်လွှာ ပိတ်ရက်က လာမယ့် ဇန်နဝါရီ  ၂၂ ရက်နေ့ ဖြစ်ပြီး သင်တန်း ၁ ခုစီကို ၃ လ ကြာမြင့်မှာ ဖြစ်ကာ အများဆုံး လူ ၂၀ အထိသာ သတ်မှတ်ထားပြီး ဖေဖော်ဝါရီလထဲမှာ ဖွင့်လှစ်ဖို့ ခန့်မှန်းထားတယ် လို့လည်း သိရပါတယ်။

CSO Network မှ ကိုမြတ်မင်းစိုးက“သိပ်ကောင်းတာပေါ့။ အခုအချိန်က အလုပ်အကိုင်တွေကလည်း ပါးနေတဲ့အချိန်လေ။ အလုပ်အကိုင် ပါးနေတဲ့ အချိန်မှာ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် ကိုယ့်ရဲ့ Skill တွေ Capacity တွေကို မြှင့်တင်နိုင်ဖို့ အတွက် သင်တန်းတွေ တက်ထားမယ် ဆိုလို့ရှိရင် ကောင်းတယ်။ နောက်ပြီးတော့ လူငယ်တွေအနေနဲ့ အခုချိန်မှာ သက်ဆိုင်ရာ လုပ်ငန်းတွေအတွက်၊ တချို့ကျတော့လည်း အခုမှ လုပ်ငန်းစမယ့် သူတွေ အတွက်၊ ဒါမျှော်လင့်ချက်လေး တွေ ဖြစ်တာပေါ့”လို့ ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

သင်တန်းဖွင့်မယ့် နေရာတွေကတော့ ရှမ်းပြည်နယ် တောင်ပိုင်း အေးသာယာမြို့က အစိုးရနည်းပညာ အထက်တန်း ကျောင်း (တောင်ကြီး)နဲ့ ညောင်ရွှေမြို့က သက်မွေးပညာ သင်တန်းကျောင်းတို့ ဖြစ်ပြီး နောက်ပိုင်းမှာ အလားတူ သင်တန်းတွေကို ဆက်လက် ဖွင့်လှစ်သွားဖို့ ရှိကြောင်းလည်း သိရပါတယ်။

သတင်း - စိုင်းခန့်ဇင် (ရွှေတြိဂံ)

By Myanmar Education Guide (EDGE) 

News Read 1569 times