တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီးမပျက်ရေး အလေးထားဆောင်ရွက်မည်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများ သွားလာရေးလွယ်ကူ‌ချောမွေ့စေရန် YBS ယာဉ်များ ထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးအပါအဝင် ဆေးရုံစာဖြေဌာန (၄) ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။  

၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီး မပြတ်တောက်ရေး အလေးထား ဆောင်ရွက်ကြရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်မှ ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ကောလိပ်စာမေးပွဲများ တပြိုင်တည်းကျင်းပမည်ဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုချိန်ကာလနှင့် စာကျက်မှတ်ချိန်ကာလများအတွင်း ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အ‌ပြင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေရသော ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်၍ ဆေးရုံစာဖြေဌာန (၄) ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ဆေးရုံတက်ရောက်ကုသခံနေရသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသားကျောင်းသူ (လူနာ) များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလှုမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ကျောင်းသား/သူများ သက်ဆိုင်ရာကျောင်းများသို့ သွားလာမှုအဆင်ပြေစေရန် YBS ယာဉ်လိုင်းများကို ထပ်တိုးပြေးဆွဲပေးပြီး ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှု မရှိစေရန်အတွက် စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှ စစ်ဆေးရေးအဖွဲ့ (၁၀) ဖွဲ့ဖြင့် မှတ်တိုင်(၁၀) မှတ်တိုင်တို့တွင် ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။

သို့ရာတွင် YRTC ၏ မီနီဘတ်(စ်) (၁၀) စီးကို အသင့်အနေအထားဖြင့် စောင့်ဆိုင်းပြင်ဆင်ထားမည်ဖြစ်ပြီး မော်တော်ယာဉ် သွားလာရန် ခက်ခဲသောနေရာများအတွက် မှတ်တိုင်များရှိ YRTC ဝန်ထမ်းများသို့ အကူအညီတောင်းခံပါက တက္ကစီ ကူညီဌားရမ်းပေးသွားမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရိုင် (၁၀၄) ခရိုင်၊ မြို့နယ်ပေါင်း (၂၅၀) တွင် ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ (၂၂၀,၀၀၀) ကျော်ရှိပြီး စာစစ်ဌာန (၈၁၇) ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Source - Popular News Journal

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Read 248 times