Sales Hotline : 09448001653       Download App



Employee Volunteer Program အားသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကျင်းပခဲ့

Samsung Myanmar ၏ ပထမဦးဆုံးသော အွန်လိုင်း Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းကျင်းပခဲ့သည်။

Samsung Electronics ၏ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် လုပ်အားပေး ပွဲတော် Samsung Global Volunteer Festival ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Samsung Myanmar သည် ယခုနှစ်အတွက် Samsung Employee Volunteer Program အား သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) နှင့် ပူပေါင်းကာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစီအစဉ်တွင် UIT မှ ကျောင်းသား၊ ကျောင်းသူများ အတွက် COVID အလွန် ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုများ ပိုမို တိုးပွားလာစေရန် အဓိကထား၍ ဆွေးနွေးမျှဝေပေးခဲ့သည်။

နိုင်ငံတကာရှိ Samsung ဝန်ထမ်းများ အနေနှင့် Samsung Global Volunteer Festival အား ၎င်းတို့ဒေသအတွင်းရှိ လူမှုအသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများအား ကူညီဖြေရှင်းဖေးမပေးနိုင်ရန် အဓိက ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်အား နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိကာ ကမ္ဘာတစ်ဝှမ်းမှ Samsung ဝန်ထမ်းများသည် ၎င်းတို့ အလုပ်လုပ်ကိုင်ရာနှင့် နေထိုင်ရာ ပတ်ဝန်းကျင်များရှိ လူမှုအသိုင်းအဝန်းများအတွက် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်၍ ကိုယ်ပိုင်အချိန်များနှင့် စွမ်းဆောင်ရည်များကို အသုံးချကာ ပံ့ပိုးကူညီလှူဒါန်းလေ့ရှိကြသည်။

ယခုနှစ် Samsung Employee Volunteer Program အစီအစဉ်တွင် Samsung Myanmar မှ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက် နှင့် Product Marketing မန်နေဂျာဖြစ်သူ မစုဒီဇင်ဘာစိုး တို့နှင့်အတူ UIT ၏ ကျောင်းသားဟောင်း Speakers များ ဖြစ်ကြသော ကိုမျိုးသိင်္ခနှင့် ကိုဝေလင်းဖြိုး၊ စုစုပေါင်း Speaker ၄ ဦးမှ ပါဝင်မျှဝေပြောကြားပေးခဲ့ပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၀ ကျော် တက်ရောက် ခဲ့သည်။ အဆိုပါ အွန်လိုင်းဆွေးနွေးပွဲတွင် Speakers များမှ COVID အလွန်ပုံမှန်အခြေအနေသစ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အဆင်ပြေလွယ်ကူမှုရှိစေရန် လိုအပ်သည့် အသိပညာ၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများအကြောင်း အဓိက ဆွေးနွေးမျှဝေခဲ့သည်။ Speakers များမှ မျှဝေခဲ့သည့် ခေါင်းစဉ်များအပေါ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားဖြင့် ဝင်ရောက်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ထို့အပြင် Samsung Myanmar သည် ယခုနှစ် EVP အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရှိ တက္ကသိုလ်စာကြည့်တိုက်အတွက် ၅၅” Samsung UHD (4K) စမတ်တီဗွီ ၁ လုံးနှင့် Samsung 2.0 HP လေအေးပေးစက် ၄ လုံးအပြင် ငွေကျပ်သိန်း ၂၀ ကိုလည်း လှူဒါန်းခဲ့သည်။

“Samsung အနေနဲ့ တီထွင်ဆန်းသစ်မှု အရှိဆုံး အရည်အသွေးမြင့် ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေအတွက် အစဉ်မပြတ် ထုတ်လုပ်ပေးအပ်နေတဲ့အပြင် လူမှုအသိုင်းအဝန်းအတွက် ရေရှည်အကျိုးရှိစေဖို့ ရည်ရွယ်ပြီး လူထုအကျိုးပြု အစီအစဉ် တစ်ခုဖြစ်တဲ့ ‘Samsung Love & Care’ အစီအစဉ်ကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်” ဟု Samsung Myanmar ၏ Head of Corporate Marketing ဖြစ်သူ ကိုစိုးသူရက ပြောကြားခဲ့သည်။ “လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း Samsung Myanmar အနေနဲ့ ပထမဦးဆုံးသော အွန်လိုင်း EVP အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး တိုင်းပြည်ရဲ့ ပညာရေးကဏ္ဍနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း အစီအစဉ် အောင်မြင်စွာ ပြီးစီးဖို့ ကူညီပေးခဲ့ကြတဲ့ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်က ပါမောက္ခချုပ်နဲ့ တာဝန်ရှိ ဆရာ၊ ဆရာမတွေ၊ ဆွေးနွေးဟောပြောခဲ့ကြတဲ့ speakers တွေနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကို အထူး ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ အခုအစီအစဉ်မှာ ဆွေးနွေး မျှဝေပေးခဲ့တဲ့ အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုတွေဟာ ကျောင်းသားကျောင်းသူတွေ အတွက် ဘွဲ့ရပြီး တစ်ကယ့် လုပ်ငန်းခွင်ကို ဝင်ရောက်တဲ့အခါမှာ အတိုင်းအတာတစ်ခုအထိ ပံ့ပိုးကူညီပေးသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

Samsung Myanmar ၏ ပထမဦးဆုံးသော Employee Volunteer Program အား ၂၀၁၅ ခုနှစ်တွင် ပဲခူးမြို့အနီးရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ မသန်စွမ်းကွန်ယက်နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် တည်ရှိသည့် အောင်မြေဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တွင်ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မျက်မမြင်ကျောင်းတွင်လည်းကောင်း စီစဉ်ကျင်းပခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ Samsung Myanmar ၏ ဝန်ထမ်း စုစုပေါင်း အင်အား ၉၀ ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် တည်ရှိသည့် ထောင့်ကွေး အခြေခံ မူလတန်း (လွန်) ကျောင်းသို့ သွားရောက်ကာ ကျောင်းသားကျောင်းသူများအား အသိပညာမျှဝေခြင်းနှင့် စာသင်ကျောင်းအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား လှုူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ယခုအချိန်အထိ အဆိုပါအစီအစဉ်ကြောင့် ငါးနှစ်အတွင်း လူငယ်ပေါင်း ၁,၇၀၀ ကျော် အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပြီးဖြစ်သည်။

"Public-Private Partnership က တက္ကသိုလ်တွေအတွက် အရမ်းအရေးကြီးပါတယ်။ အခုလို COVID -19 ကြောင့် ကျောင်းတွေ ခေတ္တပိတ်ထားရတဲ့ကာလမှာ Samsung-Myanmar နဲ့အတူ ပူးပေါင်းပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းသား ကျောင်းသူတွေ သိရှိမှတ်သားထားသင့်တဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမျှဝေပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ တစ်ကယ့်လုပ်ငန်းခွင်ကို မဝင်ရောက်ခင်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေ၊ သိထားသင့်တဲ့ အသိပညာ၊ ဗဟုသုတ ကျွမ်းကျင်မှုတွေကို ကျောင်းသားကျောင်းသူတွေ သိရှိထားနိုင်စေဖို့ ဆွေးနွေး မျှဝေပေးခဲ့ကြတဲ့ အတွက်လည်း Samsung-Myanmar က အတွေ့အကြုံရင့်ဝန်ထမ်းတွေနဲ့ UIT ကျောင်းသားဟောင်း တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ပါမောက္ခချုပ်တစ်ဦးအနေနဲ့ UIT ကျောင်းသားကျောင်းသူတွေကို နည်းပညာတွေ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် သင်ကြားပေးရမယ့်အပြင် လူ့အသိုင်းအဝိုင်းအတွင်း ဆောင်ရန်ရှောင်ရန်တွေ၊ ဓလေ့ထုံးစံတွေ၊ ထားရှိသင့်တဲ့ စိတ်နေစိတ်ထားတွေနဲ့ ဘယ်လိုမျိုး ကျင့်ကြံပြောဆိုနေထိုင်ရမယ် ဆိုတဲ့ အချက်တွေကိုပါ သင်ကြားပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တဲ့ Samsung Myanmar ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားလိုပါတယ်" ဟု သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT)မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စောစန္ဒာအေးမှ ပြောကြားခဲ့သည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) သည် software engineering၊ high performance computing၊ business information system၊ communication and networking၊ embedded system နှင့် computer system technology စသည့် ဘာသာရပ်နယ်ပယ် အသီးသီးအတွက် Bachelor ဘွဲ့၊ ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ကျောင်းသူကျောင်းသားများအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းများအား ဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။ UIT သည် နိုင်ငံ့စွမ်းဆောင်ရည် နှင့် လူနေမှုအဆင့်အတန်းများအား ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်အတွက် အဓိက အချက်အခြာ တက္ကသိုလ်တစ်ခု ဖြစ်သည်။

Samsung Electronics Co., Ltd. အကြောင်း
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com (သို့မဟုတ်) http://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

Source:myanmaritdirectory

Latest Post Read 501 times