ပညာရေးဒီဂရီကောလိပ် (၅) ခုကို ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်မည်

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာရေးဒီဂရီကောလိပ် (၅) ကျောင်းအား ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က ဖေဖော်ဝါရီ (၂၂) ရက်နေ့က ပြောကြားခဲ့သည်။ 

ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်သည် ဖေဖော်ဝါရီ (၂၂) ရက်နေ့က ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲအခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်များမှ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံတို့ကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပထမဦးစွာ ပြောကြားခဲ့သည်။

ထိုသို့ဖွင့်လှစ်ရာတွင် သင်ကြားမည့် M.A.(Education)၊ M.Sc.(Education) ဘွဲ့အတန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာအထက်တန်းအဆင့်သင်ရိုးနှင့် ပညာရေးဘာသာရပ်များပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပြင်ပပညာရှင်များပါဝင်သည့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ (Subject Wise Curriculum Committee-SWCC)၊ ပညာရေးတက္ကသိုလ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများပါဝင်သည့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ (Curriculum Development Team-CDT) တို့ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၆) ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တောင်ကြီးပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည့်အကြောင်း ဆွေးနွေးခဲ့ကြသေးသည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 13 times